close

မင်းကင်းမြို့နယ်တွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ

စစ်‌ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ စနယ်ဗျင်းကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ် ဇန်နဝါရီ ၂၅ ရက် မနက် ၁၀ နာရီကျော်လောက် တိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

တိုက်ခိုက်ခံရတဲ့ စစ်တပ်ဟာ ပန်းဆက်ကျေးရွာကနေ စနယ်ဗျင်းကျေးရွာမှာ လာရောက်တပ်စွဲထားတာလို့ မင်းကင်းမြို့နယ်ပကဖအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

“ဘာကြောင့် အခုလို တိုက်ခိုက်ရတာလဲဆိုတော့ စစ် (-) တွေက ကျနော်တို့ရွာကို လက်နက်ပြ အနိုင်ကျင့်တပ်စွဲတယ်။ နောက်ပြီး ကျနော်တို့ရွာက စားနပ်ရိက္ခာတွေ၊ ပစ္စည်းတွေ ပန်းဆက်ရွာကို သယ်နေကြတယ်။ အဲလိုအနိုင်ကျင့်နေတာ မခံနိုင်လို့ အခုလိုတိုက်ခိုက်ရတာဗျ။ သူတို့ဘက်က ၂ ယောက်သေတယ်။ ကျနော်တို့ဘက်ကတော့ အကျဆုံးမရှိဘူး။”

စစ်ကောင်စီတပ်တွေဟာ စနယ်ဗျင်းကျေးရွာမှာ ဇန်နဝါရီ ၁၂ ရက်က စတင်တပ်စွဲခဲ့တာကြောင့် ဒေသခံရွာသားတွေ ကျေးရွာအတွင်း မနေရဲကြတော့ဘဲ စစ်ဘေးရှောင်နေကြရတယ်လို့ ဆိုပါတယ်။

မင်းကင်းမြို့နယ်အတွင်း စစ်ကောင်စီတပ်တွေဟာ ကုန်းတွင်းအပိုင်းမှာလည်း စစ်ကြောင်းထိုးနေတာတွေ လုပ်ဆောင်နေသလို ချင်းတွင်းမြစ်မြစ်အတွင်းကလည်း စစ်ကောင်စီမော်တော်တွေ ဆန်တက်လာနေတာကြောင့် ချင်းတွင်းမြစ်ကမ်းဘေးနေ ပြည်သူတွေ စစ်ဘေးရှောင်ဖို့ ကြိုတင်ပြင်ဆင်နေကြရတယ်လို့ ဒေသခံတွေကပြောပါတယ်။

စနယ်ဗျင်းကျေးရွာက စစ်ကောင်စီတပ်ကို ဝင်ရောက်ပစ်ခတ်ခဲ့တဲ့ အဖွဲ့တွေကတော့ MDF - Special Force နဲ့ မင်းကင်း PDF တပ်ရင်း ၁ က တပ်ခွဲ ၁ ပူပေါင်းတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ မင်းကင်းတော်လှန်ရေးအဖွဲဝင်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up