close

Woodside သြစတြေးလျစွမ်းအင်ကုမ္ပဏီ မြန်မာနိုင်ငံမှ ထွက်မည်

စစ်တပ်အာဏာသိမ်းမှု တစ်နှစ်နီးပါးကြာလာပြီး ကမောက်ကမဖြစ်ခဲ့ရတဲ့ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးအခြေအနေ ယိုယွင်းလာမှုကို အကြောင်းပြုပြီး  သြစတြေးလျ သဘာဝဓာတ်ငွေ့ထုတ်လုပ်ရေးကုမ္ပဏီ Woodside Petroleum ဟာ  သူ့လုပ်ငန်းတွေကို မြန်မာနိုင်ငံကနေ နုတ်ထွက်တော့မယ်လို့ ဇန်နဝါရီ ၂၇ ရက်မှာ ပြောကြားပါတယ်။ 

Woodside သဘာဝဓာတ်ငွေ့ ထုတ်လုပ်ရေးကုမ္ပဏီဟာ နိုင်ငံပိုင်မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ငန်း - MOGE ၊ တရုတ်အမျိုးသားရေနံကော်ပိုရေးရှင်းနဲ့ ပြင်သစ် Total ကုမ္ပဏီတို့အပါအဝင် တခြားအဖွဲ့အစည်းတွေနဲ့အတူ ဖက်စပ်လုပ်ကိုင်ထားတဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ တူးဖော်ရှာဖွေရေး လုပ်ငန်းပိုင်ဆိုင်မှုတွေကနေ ထွက်ခွာဖို့ တရားဝင်လုပ်ထုံးလုပ်နည်းတရပ်ကို အခုပဲ စတင်တော့မယ်လို့ ရိုက်တာသတင်းမှာဖော်ပြပါတယ်။

နုတ်ထွက်ရုပ်သိမ်းမှုနဲ့ ဆက်စပ်သက်ဆိုင်တဲ့ ငွေသားမဟုတ်တဲ့ အသုံးစရိတ်ဟာ အမေရိကန်ဒေါ်လာ ၁၃၈ သန်းလောက် အခွန်ဆောင်ပြီးရင် ၂၀၂၁ ဘဏ္ဍာရေးနှစ်ရဲ့ အသားတင်အမြတ်ကိုထိခိုက်စေလိမ့်မယ်လို့ Woodside က ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ အခြေအနေတွေအရ A-6 ဓာတ်ငွေ့ အရင်းအမြစ်တွေ ဖွံ့ဖြိုးတိုးတက်ရေးမှာ Woodside ကုမ္ပဏီရဲ့ ပူးပေါင်းပါဝင်မှုကို တွေးဆနိုင်တော့မှာ မဟုတ်ကြောင်းနဲ့ နိုင်ငံတွင်း အနာဂတ်မှ တခြားလုပ်ဆောင်မှုတွေကို  စဉ်းစားပေးနိုင်မှာ မဟုတ်ကြောင်း Woodside ရဲ့ အမှုဆောင်အရာရှိချုပ် Meg O'Neill က ပြောကြားခဲ့ပါတယ်။

Woodside ဟာ မြန်မာပြည်သူတွေဆီ အလွန်လိုအပ်နေတဲ့ စွမ်းအင်ကို ပေးဆောင်ဖို့ မျှော်လင့်နေချိန်မှာ Woodside ရဲ့လုပ်ငန်းဆောင်တာတွေကို ဆက်လက်လုပ်ဆောင်ဖို့ အလားအလာရှိတဲ့ ရွေးချယ်ခွင့်လည်း မရနိုင်တော့ဘူး လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလတုန်းက စစ်အာဏာသိမ်းပြီးနောက် စစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ မြင့်တက်လာချိန်မှာ  ပြင်သစ်ကုမ္ပဏီ Total Energies နဲ့ အမေရိကန်ကုမ္ပဏီ Chevron တို့ဟာလည်း မြန်မာနိုင်ငံကနေ ထွက်ခွာတော့မယ်လို့ ကြေညာခဲ့ပြီး တပတ်လောက်အကြာမှာ သြစတြေးလျ Woodside ကုမ္ပဏီကလည်း မြန်မာနိုင်ငံကနေ လုပ်ငန်းတွေ နုတ်ထွက်တော့မယ်လို့ ပြောကြားခဲ့တာပါ။

PHOTO-WOODSIDE

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up