သြစတြေးလျရောက် မြန်မာများ အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်ဆန္ဒပြ

ကမ္ဘောဒီယားဝန်ကြီးချုပ် ဟွန်ဆန်ရဲ့ မြန်မာပြည် ခရီးစဉ်နဲ့ တိုက်ဆိုင်ပြီး မြန်မာနိုင်ငံမှာ အာဏာသိမ်းထားတဲ့ စစ်ကောင်စီ ကန့်ကွက် ဆန္ဒပြပွဲကို သြစတြေးလျရောက် မြန်မာတွေက ဒီနေ့ ပြုလုပ်နေပါတယ်။
ကင်ဘာရာမြို့မှာရှိတဲ့ ကမ္ဘောဒီယား သံရုံးရှေ့၊ စစ်ကောင်စီရဲ့ သံရုံး ရှေ့နဲ့ သြစတြေးလျ ပါလီမန် ရှေ့မှာ မြန်မာနိုင်ငံဖွား တိုင်းရင်းသားတွေစုရုံး ဆန္ဒပြတာပါ။ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ပိုစတာတွေကို ကိုင်ဆောင်ထားပြီး၊ ကြွေးကြော်သံတွေ တော်လှန်ရေး သီချင်းတွေကို သီဆိုခဲ့ကြပါတယ်။
ကမ္ဘောဒီးယား သံရုံးရှေ့မှာ ပြုလုပ်တဲ့ ဆန္ဒပြပွဲမှာ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆင်ရဲ့ ဓာတ်ပုံတွေကို ယှဉ်တွဲထားတဲ့ ပိုစတာမှာ ဒီမိုကရေစီစနစ်ကို ဖျက်ဆီးသူတွေ၊ အာဏာရှင်တွေ၊ ရာဇဝတ်ကောင်တွေလို့ ရေးသားထားတာတွေ့ရပါတယ်။
ဆန္ဒပြပွဲကို CRPH/ NUG support Group Australia က စီစဉ်တာ ဖြစ်ပြီး သြစတြေးလျနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု မြင့်တက်နေချိန်၊ ကင်ဘာရာမြို့မှာ ရာသီဥတု မကောင်းတဲ့ အခြေအနေကြားမှာပဲ ဆစ်ဒနီ၊ မယ်လဘုန်း အပါအဝင် သြစတြေးလျမြို့ တွေမှာ ရောက်နေကြတဲ့ မြန်မာနိုင်ငံဖွား တိုင်းရင်းသားတွေ စုရုံးခဲ့ကြတာ ဖြစ်ပါတယ်။