close

ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် မြန်မာ့အရေးဆွေးနွေးမည်

ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ မြန်မာနိုင်ငံ ပဋိပက္ခအကျပ်အတည်းနဲ့ပတ်သက်လို့   ဇန်နဝါရီ ၂၈ ရက်သောကြာနေ့မှာ တံခါးပိတ် တွေ့ဆုံဆွေးနွေးဖို့ရှိနေတယ်လို့ သံတမန်သတင်းရင်းမြစ်တွေကို ကိုးကားပြီး AFP သတင်းမှာ ဖော်ပြပါတယ်။ 

တံခါးပိတ်ဆွေးနွေးပွဲကို မြန်မာနိုင်ငံဆိုင်ရာ အာဆီယံသံတမန် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရတ်ဆိုခွန်က မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် နိုလင်းဟေဇာနဲ့အတူ  တက်ရောက်မယ်လို့ လည်းသတင်းမှာ ရေးပါတယ်။

ပြီးခဲ့တဲ့လက နေပြည်တော်မှာ မြန်မာစစ်အာဏာရှင်နဲ့ တွေ့ဆုံခဲ့တဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ရဲ့ အငြင်းပွားဖွယ် မြန်မာနိုင်ငံခရီးစဉ်နဲ့ပတ်သက်ပြီး ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးက လုံခြုံရေးကောင်စီကို အစီရင်ခံတင်ပြဖို့ မျှော်လင့်ရပါတယ်။

အာဆီယံအဖွဲ့ကြီးမှာလည်း မြန်မာနိုင်ငံရဲ့ အငြင်းပွားစရာ အခက်အခဲတွေနဲ့ပတ်သက်လို့ အုပ်စုကွဲနေပြီး မြန်မာနိုင်ငံကို အကျပ်အတည်းမှ လွတ်မြောက်အောင် ဘယ်လိုကူညီပေးနိုင်မယ် ဆိုတာကို ဒေသတွင်းအစုအဖွဲ့ထဲမှာ ဆွေးနွေးငြင်းခုံခဲ့ကြပါတယ်။ 

အာဆီယံဟာ ပြီးခဲ့တဲ့နှစ် ဧပြီလက မြန်မာနိုင်ငံမှာ ယိုယွင်းဆိုးရွားလာတဲ့ အခြေအနေတွေကို ပြန်ပြောင်းနိုင်ဖို့ ရည်ရွယ်ပြီး အာဆီယံခေါင်းဆောင်တွေက အချက်ငါးချက် ဘုံသဘောတူညီချက် ချမှတ်ခဲ့ပေမဲ့ စစ်ကောင်စီကတော့ အကောင်အထည်ဖော်ခြင်းမရှိသေးပါဘူး။

ကုလသမဂ္ဂအမြဲတမ်းကိုယ်စားလှယ် မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက  ပြီးခဲ့တဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မြန်မာနိုင်ငံရဲ့ ပြည်သူတွေအတွက် "အကူအညီနဲ့ အကာအကွယ်" ပေးဖို့ တိုက်တွန်းခဲ့ပါတယ်။

တချိန်တည်းမှာပဲ မြန်မာနိုင်ငံမှာ တရားမ၀င်မှုနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေမှာ ပါဝင်ပတ်သက်နေတဲ့ စစ်အုပ်စုနဲ့ ဆက်နွှယ်နေတဲ့ အန္တရာယ်တွေရှိနေတာကြောင့် မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ရာမှာ အလွန်သတိထားဖို့ ကုမ္ပဏီတွေကို အမေရိကန်က သတိပေးထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up