မြန်မာစစ်ခေါင်းဆောင်များကို ပစ်မှတ်ထားပိတ်ဆို့ဒဏ်ခတ်ရန် ဩစတြေးလျအစိုးရကို တိုက်တွန်း

သြစတြေးလျအစိုးရအနေနဲ့ မြန်မာစစ်ခေါင်းဆောင်တွေနဲ့ သူတို့ရဲ့စီးပွားရေး အကျိုးစီးပွားတွေအပေါ် ပစ်မှတ်ထားပိတ်ဆို့အရေးယူမှုတွေ ချမှတ်သင့်နေပြီလို့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း ၆ ဖွဲ့ကနေ နိုင်ငံခြားရေးဝန်ကြီးမာရိစ်ပိန်းဆီ စာပေးသားပေးပို့ တောင်းဆိုလိုက်ပါတယ်။
အဲ့ဒီစာကို သြစတြေးလျ နိုင်ငံတကာတရားမျှတမှုဗဟိုဌာန၊ သြစတြေးလျ နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေးကောင်စီ၊ သြစတြေးလျအလုပ်သမားသမဂ္ဂများကောင်စီ (ACTU)၊ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့နဲ့ သြစတြေးလျ ဒုက္ခသည်ကောင်စီတို့က လက်မှတ်ရေးထိုးတောင်းဆိုလိုက်တာပါ။
ပြီးခဲ့တဲ့နှစ်ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းပြီးကတည်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူတွေနဲ့ နိုင်ငံရေးအတိုက်အခံတွေကို တနိုင်ငံလုံးအတိုင်းအတာနဲ့နှိမ်နင်းခဲ့ပြီး လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ပိုတိုးလုပ်ဆောင်ခဲ့တဲ့ မြန်မာစစ်အုပ်စုကို ဩစတေးလျအစိုးရက ပစ်မှတ်ထား ပိတ်ဆို့အရေးယူမှုတွေကို ထုတ်ပြန်ကြေညာလိုက်ခြင်းအားဖြင့် လူမဆန်တဲ့မြန်မာစစ်တပ်ရဲ့ရက်စက်ယုတ်မာမှုတွေကို ပြင်းထန်တဲ့ ကန့်ကွက်မှုကို ပြသသင့်ကြောင်း အဖွဲ့အစည်းတွေက ပြောပါတယ်။
ဇန်နဝါရီ ၂၇ ရက်က သြစတြေးလျ သဘာဝဓာတ်ငွေ့ထုတ်လုပ်ရေးကုမ္ပဏီ Woodside က မြန်မာနိုင်ငံမှ နုတ်ထွက်ကြောင်း ကြေညာခဲ့ပြီး မြန်မာ့သဘာဝဓာတ်ငွေ့က အခွန်အခဝင်ငွေတွေအပေါ် သြစတြေးလျ၊ အမေရိကန်၊ EU နဲ့ တခြားသက်ဆိုင်ရာအစိုးရတွေက ညှိနှိုင်းပြီး ပစ်မှတ်ထား ပိတ်ဆို့အရေးယူမှုတွေပြုလုပ်ဖို့ အလေးပေးဖော်ပြခဲ့ပါတယ်။
သြစတြေးလျနိုင်ငံခြားရေးဝန်ကြီးထံ ပေးပို့ထားတဲ့စာထဲမှာ ပိတ်ဆို့အရေးယူမှုတွေ ခံရသင့်တဲ့ ပုဂ္ဂိုလ်တွေနဲ့အဖွဲ့အစည်းတွေကိုလည်း ဖော်ပြထားပါတယ်။