ဂျာမနီနိုင်ငံမြောက်ပိုင်းကို ဆောင်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်

ဂျာမနီနိုင်ငံမြောက်ပိုင်းမှာ ဆောင်းမုန်တိုင်းတရပ် ဝင်ရောက်တိုက်ခတ်လို့ ဇန်နဝါရီ ၃၀ ရက်က လူတယောက်ထက်မနည်း သေဆုံးတယ်လို့ ရိုက်တာ သတင်းမှာ ဖော်ပြပါတယ်။
ဘာလင်မြို့ အနောက်တောင်ဘက် ဘီးလစ်ဇ်မြို့မှာ ကြော်ငြာသင်ပုန်းတခု ပြုတ်ကျထိမှန်အပြီး တနာရီအကြာမှာ အမျိုးသားတယောက် ဒဏ်ရာကြောင့် သေဆုံးပါတယ်။
အရေးပေါ်ဌာနက လူတွေ အခင်းဖြစ်ရာကို အမြန်ရောက်လာပေမယ့် ကယ်ဖို့ မအောင်မြင်ခဲ့ဘူးလို့ ဒေသခံမီးသတ်ဌာန အကြီးအကဲက ပြောပါတယ်။
ဟမ့်ဘာ့ဂ် ဆိပ်ကမ်းမြို့မှာ ရေကြီးနေလို့ မီးသတ်သမားတွေကတော့ ရေမြုပ်နေတဲ့ကားတွေကို မီးသတ်ကားတွေနဲ့ ဆွဲထုတ်ပြီး လမ်းပေါ် လဲကျနေတဲ့ သစ်ပင်တွေကို ရှင်းလင်းနေကြပါတယ်။
နိုင်ငံမြောက်ပိုင်းမှာ ၁ နာရီ လေတိုက်နှုန်း မိုင် ၆၀ နီးပါး အရှိန်နဲ့ ဟာရီကိန်းမုန်တိုင်းအဆင့် လေပြင်းတွေ တိုက်ခတ်နိုင်တယ်လို့ ဂျာမန် မိုးလေဝသဌာနက သတိပေးထားပါတယ်။
နိုင်ငံမြောက်ပိုင်းမှာ ရထားလုပ်ငန်း ဒွိုက်ချ်ဘန်းက ရထားလိုင်း အတော်များများကို ခရီးစဉ် ဆိုင်းငံ့ထားပါတယ်။