အမေရိကန် အရှေ့တောင်ပိုင်းတွင် ဆောင်းမုန်တိုင်း တိုက်ခတ်

အမေရိကန်ပြည်ထောင်စု အရှေ့တောင်ပိုင်းနဲ့ အတ္တလန္တိတ် အလယ်ပိုင်းပြည်နယ်တွေမှာ ဆောင်းမုန်တိုင်း တိုက်ခတ်ခဲ့လို့ ဇန်နဝါရီ ၃ ရက်မှာ နှင်းအကြီးအကျယ် ကျဆင်းပြီး လေပြင်းတွေ တိုက်ခတ်ခဲ့ပါတယ်။
ဒါကြောင့် ပြည်ထောင်စုအစိုးရရုံးတွေနဲ့ ကျောင်းတွေ ပိတ်ခဲ့ရပြီး ခရီးသွားဖို့အခက်ကြုံတာနဲ့ လျှပ်စစ်မီး ပြတ်တောက်မှုတွေ ကြုံခဲ့ရပါတယ်။
လူဦးရေ ၇ သိန်းနေတဲ့ မြို့ထဲမှာ နှင်းထုတွေကြောင့် အရေးပေါ် အခြေအနေ ကြေညာခဲ့ပြီး အများ ပြည်သူ သယ်ယူပို့ဆောင်ရေးအတွက် အစီအစဉ်တွေကို လျှော့ချကြောင်း မြို့တော်ဝန်က ကြေညာခဲ့ပါတယ်။
ဂျော်ဂျီယာ၊ တောင်နဲ့ မြောက် ကာရိုလိုင်းနား၊ ဗာဂျီးနီးယားကနေ ဝါရှင်တန်နဲ့ ဖီလာဒဲယ်ဖီးယား ပြည်နယ်တွေမှာ ဆိုးရွားပြင်းထန်တဲ့ မိုးလေဝသ အခြေအနေဖြစ်ခဲ့တာပါ။
နှင်းထုက ၄ လက်မကနေ ၈ လက်မအထိ ကျဆင်းပြီး လေတိုက်နှုန်းက တနာရီ မိုင် ၄၀ ထိ ရှိမယ်လို့ အမျိုးသားမိုးလေဝသဌာနက ခန့်မှန်း ထားပါတယ်။
ဒေသတွင်းတချို့နေရာတွေမှာ တနာရီကို နှင်းထု ၂ လက်မထိ ကျဆင်းပြီး တနေကုန် နှင်းထု စုစုပေါင်း တပေထိကျဆင်းနိုင်တယ်လို့လည်း မိုးလေဝသဌာနက သတိပေး ထားပါတယ်။
ကားလမ်းတွေနဲ့ လျှပ်စစ်ဓာတ်အားပေးလိုင်းတွေပေါ်မှာ နှင်းတွေ အကြီးအကျယ် စုပုံလာလို့ ခရီးသွားရ အန္တရာယ်များတဲ့ အခြေအနေ ဖြစ်နိုင်ပြီး အိမ်တွေ လုပ်ငန်းတွေမှာ လျှပ်စစ်မီး ပြတ်တောက်နိုင်တယ်လို့လည်း မျှော်လင့် ထားကြပါတယ်။