ကိုဗစ်ကူးစက်မှု ထိန်းချုပ်ရေး လုပ်ငန်းစဉ်များကို ဖြည်းဖြည်းချင်း ဖြေလျှော့ပေးသင့်ဟု WHO ပြော

နိုင်ငံအများအပြားမှာ ကိုရိုနာဗိုင်းရပ်စ်ရဲ့ အင်မတန်ကူးစက်လွယ်တဲ့ အိုမီခရွန် ဗီဇမျိုးကွဲ ကူးစက်မှုက အထွတ်အထိပ်ကို မရောက်သေးတာကြောင့် ကူးစက်မှု ထိန်းချုပ်ရေး လုပ်ဆောင်ချက်တွေကို ဖြည်းဖြည်းပဲ ဖြေလျှော့ပေးသင့်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO ရဲ့ နည်းပညာအကြီးအကဲက ဖေဖော်ဝါရီ ၁ ရက်မှာ ပြောလိုက်ပါတယ်။
တချို့နိုင်ငံတွေက ကာကွယ်ဆေးကြောင့်၊ အိုမီခရွန်က ကူးလွယ်ပေမဲ့ ဝေဒနာမပြင်းထန်တာကြောင့်၊ ကူးစက်တာကို တားဖို့ မဖြစ်နိုင်တာကြောင့်၊ တားမြစ်ဖို့ မလိုအပ်တာကြောင့် စတဲ့ အကြောင်းပြချက်တွေကို ပေးနေတဲ့အတွက် ကုလသမဂ္ဂက စိုးရိမ်တယ်လို့လည်း WHO ရဲ့ ညွှန်ကြားရေးမှူးချုပ် တေဒရို အဒ်ဒါနွန်ဂေဘရီယေးဆပ်က ပြောပါတယ်။
WHO ရဲ့ အရေးပေါ်ဌာန အကြီးအကဲ မိုက်ခ်ရိုင်ယန်ကလည်း အလားတူ မိန့်ခွန်းပြောပြီး နိုင်ငံတွေ အနေနဲ့ ကပ်ဘေးကင်းစင်ရေး ကိုယ်ပိုင်လမ်းကြောင်းတွေကို ပုံဖော်ဖို့နဲ့ ပြန်လည်ဖြေလျှော့ရေး လုပ်ဆောင်ချက်တွေအတွက် သူများလုပ်ထုံးလုပ်နည်းကို မျက်စိမှိတ် လိုက်မလုပ်ဖို့ တိုက်တွန်းခဲ့ပါတယ်။
အရင်အပတ်က ဒိန်းမတ်နဲ့ ဩစတြီးယားတို့ဟာ ကိုဗစ်-၁၉ ကန့်သတ်ချက်တွေကို ဖြေလျှော့ပေးတဲ့ နောက်ဆုံးနိုင်ငံတွေ ဖြစ်လာခဲ့ပါတယ်။
ဗြိတိန်၊ အိုင်ယာလန်နဲ့ နယ်သာလန်နိုင်ငံတွေက အလားတူ ဖြေလျှော့ပေးခဲ့ပေမဲ့ ဥရောပတိုက်က တခြားနိုင်ငံတွေကတော့ စံချိန်တင် ကူးစက်နေတာကို တိုက်ပွဲဝင်ဖို့ ထိန်းချုပ်ကန့်သတ်ချက် အသစ်တွေကို ပြင်ဆင်ခဲ့ကြပါတယ်။