close

“အိုမီခရွန်ကို နောက်ဆုံးဗိုင်းရပ်စ်လို့ ယူဆရင်အန္တရာယ်များ”ဟု WHO အကြီးအကဲပြော

လက်ရှိကြုံတွေ့နေရတဲ့ အိုမီခရွန်ဗိုင်းရပ်စ်မျိုးကွဲဟာ ကြောက်မက်ဖွယ် ကိုဗစ်-၁၉ ကပ်ရောဂါရဲ့ အဆုံးသတ်ကာလလို့ ယူဆရင် မှားယွင်းပြီး အန္တရာယ်များတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အကြီးအကဲ ဒေါက်တာတက်ဒရော့စ်က သတိပေးလိုက်ပါတယ်။

နိုင်ငံတွေအားလုံးအနေနဲ့ ကပ်ဘေးဆိုးကို အပြီးတိုင် အာရုံစိုက် တွန်းလှန်ဖို့လည်း သူက တိုက်တွန်းပါတယ်။

မစ္စတာ တက်ဒရော့စ်က “ကိုဗစ်-၁၉ ကပ်ဘေးဟာ တတိယနှစ်ထဲ ဝင်လာပြီး အရေးကြီးဆုံးအချိန် ရောက်နေပါပြီ။ အိုမီခရွန်ကို နောက်ဆုံးဗိုင်းရပ်စ်လို့ ယူဆရင်တော့ အန္တရာယ်များပါတယ်။ ကျနော်တို့ဟာ အစိုးရိမ်လွန်မှုနဲ့ လျစ်လျူရှုမှု အစွန်းနှစ်ဖက်ကို သတိထားရပါမယ်။ အားလုံး ပူးပေါင်းပြီး အခု ကူးစက်မြန်အဆင့်ကို ကျော်လွှားကြရပါမယ်” လို့  WHO အဖွဲ့ အမှုဆောင်အစည်းအဝေးမှာ ပြောပါတယ်။

ကိုဗစ်ကပ်ဘေးကြောင့် ၂ နှစ်အတွင်း လူ ၆ သန်းနီးပါး အသက်ဆုံးရှုံးခဲ့ပါတယ်။ အိုမီခရွန်ကြောင့် တကမ္ဘာလုံးကူးစက်ခံရသူ လူ သန်း ၃၅၀ နီးပါးထိ ရှိနေပေမဲ့ အိုမီခရွန်ဗိုင်းရပ်စ်က အသက်ဆုံးရှုံးမှု နည်းပါးစေတာရယ်၊ ကာကွယ်ဆေးအသစ်တွေ ထုတ်လုပ်နိုင်တာရယ်ကြောင့် ကပ်ဘေးအဆုံးသတ်ဖို့ အလားအလာတွေ မြင်နေရတယ်လို့လည်း ပြောပါတယ်။

အခုနှစ်အတွင်း နိုင်ငံတွေအနေနဲ့ ဆေးပညာရှာဖွေမှုရလဒ်တွေကို  ထိထိရောက်ရောက် အသုံးချပြီး ကူးစက်ရောဂါ စမ်းသပ်မှုနဲ့ ကာကွယ်မှုတွေကို မဟာဗျူဟာချလုပ်ကြပါလို့ ဒေါက်တာ တက်ဒရော့စ်က တိုက်တွန်းပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up