အီကွေဒေါတွင် မြေပြိုမှုကြောင့် လူ ၂၂ ဦးထက်မနည်း သေဆုံး၊ လူ ၄၇ ဦး ဒဏ်ရာရ

အီကွေဒေါနိုင်ငံရဲ့ မြို့တော်မှာ မြေပြိုမှုကြောင့် လူ ၂၂ ယောက်ထက်မနည်း သေဆုံးပြီး ၄၇ ယောက် ဒဏ်ရာရထားတယ်လို့ အရာရှိတွေက ပြောပါတယ်။
မြေပြိုမှုအပြီးမှာ ထိခိုက်သေဆုံးသူတွေကို ရှာဖို့ ကယ်ဆယ်ရေးသမားတွေ ဆက်ကြိုးစားနေလို့ သေဆုံးသူအရေအတွက် ပိုတိုးလာနိုင်တယ်လို့လည်း ပြောပါတယ်။
ဇန်နဝါရီ ၃၁ ရက်ညက မိုးကြီးလို့ လာဂက်စ်ကာနဲ့ လာကိုမူနာ ရပ်ကွက်နားက ချောက်ထဲမှာ ရေတွေ ပြည့်လာခဲ့တာပါ။ အဲဒီနောက် ရွှံ့နဲ့ ကျောက်တုန်းတွေ ဒေသခံတွေပေါ်ကို ပိကျခဲ့ပြီး လျှပ်စစ်ဓာတ်အားလိုင်းတွေအပေါ် သက်ရောက်ခဲ့ပါတယ်။
ဖေဖော်ဝါရီ ၁ ရက်က ဒရုန်းယာဉ်နဲ့ ရိုက်ကူးထားတဲ့ ရုပ်သံမှာ ကျန်ရစ်တဲ့ အပျက်အစီးပမာဏကို မြင်တွေ့ရပြီး မြို့ထဲလမ်းတွေကို စရှင်းလင်းကာ မြေပြိုဒဏ်ခံ မိသားစုတွေအတွက် အမိုးအကာတွေကို မြို့တော်ဝန်ရုံးက ပြင်ဆင်ပေးထားပြီးပါပြီ။
အီကွေဒေါနိုင်ငံဟာ နေရာအတော်များများမှာ မိုးကြီးတာကို ရင်ဆိုင်နေရပါတယ်။ ဒါကြောင့် မြစ်တွေ ရေလျှံပြီး ရာချီတဲ့ အိမ်တွေ၊ လမ်းတွေ ရေမြုပ်ခဲ့ပါတယ်။ နောက်ထပ်လည်း မြေပြိုမယ့် အခြေအနေ ရှိနေတယ်လို့ သိရပါတယ်။
ကွေတိုမြို့မှာ တနင်္လာနေ့က နှစ် ၂၀ အတွင်း မိုးရေချိန် အများဆုံး စံချိန်တင် ရွာသွန်းခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။