close

သီပေါတွင် သားအမိနှစ်ယောက် သက်ကယ်ရိတ်သွားရာက မိုင်းပေါက်ကွဲပြီး ဒဏ်ရာရ

ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် သီပေါမြို့နယ်ထဲမှာ ဒီကနေ့မနက်က သားအမိ နှစ်ယောက် သက်ကယ်သွားရိတ်စဉ်  မိုင်းပေါက်ကွဲမှုဖြစ်ပြီး ဒဏ်ရာရသွားပါတယ်။ 

သီပေါမြို့နယ် ကျင်သီကျေးရွာအုပ်စု တွန်ဆောက်ကျေးရွာက ရွာသူ ဒေါ်နန်းခင်ဌေး (၅၄ နှစ်) နဲ့ အသက် ၃၀ အရွယ် သားဖြစ်သူတို့ဟာ ဒီနေ့မနက်က ရွာနဲ့ ၂ မိုင်လောက်ဝေးတဲ့ သက်ကယ်တောထဲမှာ သက်ကယ်သွားရိတ်စဉ် နွယ်ပင်အမှတ်နဲ့ ကြိုးစကိုဆွဲမိရာက မိုင်းပေါက်ကွဲသွားတာလို့ သွားရောက်ကူညီခဲ့သူ သီပေါဒေသခံက ဒီဗွီဘီကို ပြောပါတယ်။ 

“ကနေ့မနက် ၁၀ ရီခွဲလောက်မှာ သူတို့မိုင်းမိတယ်လို့ ရွာကိုအကြောင်းကြားပြီး သွားကူ ခဲ့ကြပါတယ်ခင်ဗျ။ သူတို့ရှိတဲ့နေရာက ကားဝင်လို့မရဘူး၊ ဆိုင်ကယ်နဲ့သွားကြည့်တယ်။ အမေဖြစ်တဲ့သူက လက်နှစ်ဘက်ရော၊ ပေါင် နှစ်ဘက်လုံးရော ထိမှန်တယ်၊ လက်တဘက်က မြှောက်လို့မရတော့ဘူး၊ ကျိုးသွားတယ်လို့ ထင်တာပဲ။ သူ့သားကတော့ နည်းနည်းပဲထိတယ်။ သူ့အမေကို ထော်လဂျီနဲ့တင်လာပြီး သီပေါဆေးရုံကို ပို့ပေးခဲ့ပါတယ်။ အသက်ဘေးအန္တရာယ်ရှိ မရှိကတော့ လူနာရဲ့ ခံနိုင်ရည်အားပေါ်မူတည်တာပေါ့နော်။”

မိုင်းထောင်ထားတာ ဘယ်သူ့လက်ချက်တော့ မသိရကြောင်း၊ အဆိုပါ ကျင်သီအုပ်စုထဲမှာတော့ ပြီးခဲ့တဲ့လက SSPP ရှမ်းတပ် နဲ့  TNLA ပလောင်တပ်တို့ ပါဝင်တဲ့ တပ်ပေါင်းစုအဖွဲ့နဲ့  RCSS ရှမ်းတပ်တို့ကြား တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့တယ်လို့ သီပေါဒေသခံတွေက ပြောပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up