close

ပုလဲမြို့နယ် ပန်းရွာကို စစ်ကောင်စီတပ် မီးရှို့မှုကြောင့် နေအိမ် ၁၇၀ ကျော်ဆုံးရှုံး

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်ထဲက ပန်းရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဝင်ရောက်မီးရှို့ ဖျက်ဆီးခဲ့တာကြောင့် နေအိမ် ၁၇၄ အိမ် မီးလောင်ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်သား အင်အား ၈၀ လောက်ဟာ ဇန်နဝါရီ ၃၁ ရက် ညက မွေ့တုံရွာကို မီးရှို့ပြီး ပန်းရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ သတင်းကြိုရတာကြောင့် ရွာထဲရှိ လူအကုန် မနက်အစောပိုင်းထဲက ဘေးကင်းရာကို ရှောင်နေကြတာပါ။ 

ဖေဖော်ဝါရီလ ၁ ရက် မနက် ၁ နာရီခွဲလောက်မှာ ပန်းရွာအလယ်ပိုင်းလောက်ကနေ စတင်မီးရှို့တာလို့ ဒေသခံတဦးက ပြောပါတယ်။

“မနက် ၇ နာရီလောက်မှာ ရွာသူ ရွာသားတွေကပဲ မီးငြှိမ်းသတ်ခဲ့ရတယ်” လို့ ပန်းရွာရဲ့ လုံခြုံရေး တာဝန်ခံက ပြောပါတယ်။ 

ပန်းရွာကို မီးရှို့ခဲ့တဲ့ စစ်ကောင်စီတပ်သားတွေဟာ ရွာအနောက်ဘက်နေကြာခင်းထဲမှာ ညအိပ်ပြီး မနက် ၅ နာရီ လောက်မှာ တနယ်ရွာဘက်ကို  ဦးတည်သွားတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်သားတွေ မီးရှို့ခဲ့လို့ ပန်းရွာက လူနေအိမ် ၁၇၄ လုံး မီးလောင်ကျွမ်းသွားတဲ့အပြင် အိမ်မှာမွေးထားတဲ့ ကျွဲ၊ နွား၊ တိရစ္ဆာန်တွေပါ သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။

မီးရှို့ဖျက်ဆီးခံလိုက်ရတဲ့ ပန်းရွာဟာ အိမ်ခြေပေါင်း ၈၅၀ ကျော်ရှိပြီး ဒေသခံ ၁၅၀၀ ကျော် အိုးမဲ့ အိမ်မဲ့ဖြစ်ပြီး အကူအညီများ လိုအပ်နေတယ်လို့ သိရပါတယ်။

ဇန်နဝါရီ ၃၁ ရက် ည ၈ နာရီလောက်က စစ်ကောင်စီတပ်က မွေ့တုံကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့တာကြောင့် နေအိမ် ၂၀၀ ကျော် ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up