close

TNLA တပ်က အင်အားအလုံးအရင်းဖြင့် နမ့်ခမ်းမြို့ထဲ ဆက်ကြေးဝင်ကောက်

ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် နမ့်ခမ်းမြို့ပေါ်မှာ ဖေဖော်ဝါရီ ၄ ရက် မနက်ပိုင်းက  TNLA ပလောင်စစ်သားများ လက်နက်၊ ယူနီဖောင်းအပြည့်အစုံနဲ့ ဝင်ရောက်လာပြီး ဆက်ကြေးကောက်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အင်အား ၇၀  - ၈၀ လောက်ရှိ ပလောင်စစ်သားတွေဟာ ဒီကနေ့မနက် ၉ နာရီလောက်က နမ့်ခမ်းမြို့ အရှေ့ဘက်တောင်ကုန်းတွေကနေ  နောင်စန့်ကုန်းရပ်ကွက်၊ ဟိုကတ်ရပ်နဲ့ နမ့်ခမ်းမြို့ထဲ ဝင်ရောက်လာကြောင်း၊ ရဲစခန်းအနီးမှာ ကားရပ်ထားပြီး ဈေးထဲမှာ သူတို့ကိုအခွန်ဆောင်ဖို့ လိပ်စာ ကပ်ပြားနဲ့ ဖုန်းနံပါတ်တွေ လာဝေသွားတယ်လို့ ဒေသခံတစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။

“ကျနော်တို့တွေ့ရသလောက်တော့ အင်အား ၇၀-၈၀ လောက်ရှိမယ်ထင်တယ်၊ သေနတ်တွေ ယူနီဖောင်းတွေနဲ့ ဝင်လာတာ။ ဈေးထဲမှာ အခွန်ဆောင်ဖို့ လိပ်စာကတ်တွေဝေသွားတယေ။ သူတို့ဝင်လာတော့ တချို့ကကြောက်ပြီး ဆိုင်သိမ်း‌ေ၊ ဆိုင်ပိတ်တာတွေလုပ်တာပေါ့။ အိမ်တွေတော်တော်များလည်း တံခါးမဖွင့်ရဲဘူး၊ အရင်တခေါက်လို ပစ်ခတ်ပြီး ခြံထဲဝင်လာတာ အမှုပတ်တာတွေဖြစ်မှာစိုးလို့လေ။ မနက် ၉  ခွဲလောက်ကျတော့ အေးဆေးဘဲ ပြန်ထွက်သွားတယ်။”

နမ့်ခမ်းမှာ နယ်မြေအခြေစိုက် စစ်တပ်၊ ရဲနဲ့ အခြားလက်နက်ကိုင်အဖွဲ့တွေ အများကြီးရှိပါလျက်နဲ့  တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က ဝတ်စုံပြည့်နဲ့ ပေါ်တင်ဆက်ကြေးဝင်ကောက်ပြီး အေးဆေးဆေး ဆေးပြန်သွားနိုင်တဲ့အပေါ် အလွန်အံ့ဩမိကြောင်း၊ လက်နက်ကိုင်ကာ လုပ်ချင်ရာလုပ်လုပ်လို့ရတဲ့ သဘောကိုဆောင်ပြီး သူတို့မြို့ကတော့ လုံးဝလုံခြုံမှုမရှိတော့ဘူးလို့ ဒေသခံတစ်ဦးက ပြောပါတယ်။ 

လက်နက်အပြည့်စုံနဲ့ ဝင်လာတာကို ဘယ်အဖွဲ့မှ တားဆီးနိုင်ခြင်းမရှိတာဟာ သူတို့အချင်းချင်း ကြိုတင်အကြောင်းကြားထားပြီးလို့ ယူဆရကြောင့် ဒေသခံ နောက်တဦးက ပြောပါတယ်။

TNLA တပ်ဖွဲ့ဝင်တွေဟာ ယခင်က နမ့်ခမ်းဈေးထဲမှာ အခွန်လာကောက်ပါက အရပ်သား ဝတ်စုံနဲ့ ၂ ယောက် ၃ ယောက်သာ လာရောက်ပေမယ့် ပြီးခဲ့တဲ့ ဇန်နဝါရီ ၄ ရက်နေ့က တော့ အခွန်လာကောက်သူ ၂ ‌ယောက် ဈေးထဲမှာပစ်သတ်ခံခဲ့ရတာကြောင့် ဒီတခေါက် ဝတ်စုံပြည့်နဲ့ အဖွဲ့လိုက်ဝင်လာတာလို့ ဆိုပါတယ်။ 

TNLA တပ်ဖွဲ့က အခွန်ကောက်သူ ၂ ယောက် အပစ်ခံရပြီး နောက်တနေ့ မြို့ထဲဝင်လာရာမှာ  မြန်မာစစ်တပ်နဲ့ တိုက်ပွဲဖြစ်ပြီး ဒေသခံနေအိမ်ကို လက်နက်ကြီးကျလို့ နေအိမ်တွေပျက်စီး၊ ရွာသားတွေလည်း ထိမှန်ဒဏ်ရာရကာ ဖမ်းဆီးစစ်ဆေးခံရတာတွေ ရှိခဲ့ပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up