close

ချင်းပြည်နယ်၌ တစ်လတာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ၁၉၇ ဦးနှင့် CJDC က ၁၈ ဦး ကျဆုံး

ချင်းပြည်နယ်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ ချင်းပြည်နယ် CAN အပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ဇန်နဝါရီလအတွင်း တိုက်ပွဲဖြစ်ပွားခဲ့ရာမှာ စစ်ကောင်စီတပ်က ၁၉၇ ဦး သေဆုံးခဲ့ပြီး ၆၈ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ချင်းပြည်နယ် ပူးပေါင်းကာကွယ်ရေး ကော်မတီ CHINLAND JOINT DEFENSE COMMITTEE(CJDC) က ဖေဖော်ဝါရီ ၃ ရက်နေ့က ထုတ်ပြန်ပါတယ်။

ဇန်နဝါရီ တစ်လအတွင်းမှာ CJDC ဘက်က ၁၈ ဦး သေဆုံးခဲ့ပြီး အယောက် ၂၀ ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်မှုကြောင့် ပြည်သူ ၁၃ ဦးသေဆုံးပြီး ၁၅ ဦးဒဏ်ရာရရှိခဲ့ပါတယ်။

စစ်ကောင်စီဒဏ်ရာရစာရင်းမှာ ပိုမိုများပြားနိုင်ခြေရှိပြီးတော့ စစ်ကောင်စီက ပြည်သူတွေကို ရက်ရက်စက်စက် လူမန်စွာသတ်ဖြတ်တဲ့စာရင်းလည်း ဇယားမှာဖော်ပြထားတယ်လို့ CJDCက စာရင်းဇယားနဲ့တကွ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်တွေဟာ ချင်းပြည်နယ်ကို အင်အားအလုံးအရင်း နဲ့ ထိုးစစ်ဆင်နေတယ်လို့ ဆိုပါတယ်။

ဇန်နဝါရီလအတွင်းမှာ ချင်းပြည်နယ်က မြို့နယ်ပေါင်း ၈ မြို့နယ်မှာ တိုက်ပွဲပေါင်း ၇၁ ကြိမ်ဖြစ်ပွားခဲ့ပါတယ်။ ထန်တလန်မှာ ၁ ကြိမ်၊ ဖလမ်းမှာ ၁၃ ကြိမ်၊ မင်းတပ်မှာ ၁၄ ကြိမ်၊ မတူပီမှာ ၂၉ ကြိမ်၊ ကန်ပက်လက်မှာ ၃ ကြိမ်၊ တီးတိန် ၈ ကြိမ်၊ တွန်းဇံ ၂ ကြိမ်၊ ပလက်ဝ ၁ ကြိမ် စုစုပေါင်း ၇၁ကြိမ်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါတိုက်ပွဲစာရင်းမှာ တိုက်ပွဲငယ်တွေစာရင်း ထည့်သွင်းထားတာ မရှိဘူးလို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up