Non CDM ဝန်ထမ်းများ မြိုင်မြို့နယ်အတွင်းက ထွက်ခွာသွားရန် ကြေညာ

Non CDM ဝန်ထမ်းတွေအနေနဲ့ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ နောက်ဆုံးထားပြီး မြိုင်မြို့နယ် အတွင်းက ထွက်ခွာသွားကြဖို့ ဖေဖော်ဝါရီ ၃ ရက်နေ့မှာ မြိုင်မြို့နယ် ပ.အ.ဖ က ထုတ်ပြန်ထားပါတယ်။
မြိုင်မြို့နယ်အတွင်းက ဌာနဆိုင်ရာဝန်ထမ်းတွေအနေနဲ့ မိမိတို့ရုံးဌာနတွေနဲ့ နေအိမ်တွေကနေ ဖေဖော်ဝါရီ ၁၀ ရက်နေ့တိုင်ခင် ရရာနည်းလမ်းနဲ့ အပြီးတိုင်ထွက်ခွာသွားဖို့၊ အလုပ်ကနေ နုတ်ထွက်ပြီး CDM ပြုလုပ်ကြဖို့ ကြေညာထားတာပါ။
ထုတ်ပြန်ချက်ကို မလိုက်နာတဲ့သူတွေကို မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်က ပစ်မှတ်ထားပြီး နည်းမျိုးစုံနဲ့ တိုက်ခိုက်သွားမယ်လို့ ဆိုပါတယ်။
အာဏာသိမ်းစစ်ကောင်စီဟာ ပြည်သူလူထုရဲ့ ဆန္ဒမပါဘဲ မျက်နှာပြောင်တိုက်ကာ အတင်းအဓမ္မအုပ်ချုပ်နိုင်အောင် ကြိုးစားနေတာကြောင့် နည်းလမ်းပေါင်းစုံနဲ့ အရှိန်ဟုန်မြှင့် တိုက်ခိုက်သွားမယ်လို့ ဖော်ပြထားပါတယ်။
မြိုင်မြို့နယ်ထဲက Non CDM ဝန်ထမ်းတွေအနေနဲ့ ပြည်သူ့လစာကိုစားပြီး ပြည်သူလူထုဘက်ကို မရပ်တည်တဲ့အပြင် စစ်ကောင်စီရဲ့ ယန္တရားမှာ ပါဝင်ဆောင်ရွက်နေတာကြောင့် ပြတ်ပြတ်သားသား လိုက်နာဆုံးဖြတ်နိုင်အောင် သတိပေးထားတယ်လို့ ဆိုပါတယ်။