close

ပေါက်မြို့နယ်တွင် သစ်တောဦးစီးဌာန တောခေါင်းဂိတ်ရုံး မီးရှို့ဖျက်ဆီးခံရ

မကွေးတိုင်း၊ ပေါက်မြို့နယ်မှာ ဖေဖော်ဝါရီလ ၃ ရက်နေ့ညနေပိုင်းက စစ်ကောင်စီလက်အောက်ခံ သစ်တောဦးစီးဌာန တောခေါင်းရုံးတစ်ရုံး မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ သိရပါတယ်။

ပေါက်မြို့နယ် ထန်းတောကုန်းရွာ အရှေ့မြောက်ဘက် ပေါက်-ပခုက္ကူလမ်းဘေးရှိ တောခေါင်းဂိတ်ရုံးကို မနေ့ ညနေပိုင်းက King Fighter ပြောက်ကျားတပ်၊MVRF နဲ့ ပေါက်PDFတပ်ရင်း(၄)တို့ ပူးပေါင်းပြီး မီးရှို့ဖျက်ဆီးခဲ့တာလို့ King Fighter ပြောက်ကျားတပ်ဖွဲ့ရဲ့ တာဝန်ခံ မတ်သံလုံက ဒီဗွိဘီကိုပြောပါတယ်။

“အဲ့ဒီရုံးက ဝန်ထမ်းအားလုံးနီးပါးက သစ်ခိုးထုတ်တဲ့ဖြစ်စဥ်တွေမှာ ပါဝင်နေသလို CDM လည်း မလုပ်တဲ့အတွက် ဝန်ထမ်းတွေကို သတိပေးလုပ်ဆောင်ဖို့သွားခဲ့တာ။ ရုံးဝန်ထမ်းတွေ မတွေ့တာကြောင့် ရုံးကိုပဲ မီးရှို့ဖျက်ဆီးခဲ့တာဖြစ်တယ်။” 

ပေါက်မြို့နယ်မှာ သစ်ခိုးထုတ်မှုက အမြဲတမ်းဖြစ်နေပြီး သစ်တောဝန်ထမ်းအတော်များများ သစ်ခိုးထုတ်လုပ်မှုမှာ ပါဝင်ပတ်သက်နေတာနဲ့ စစ်ကောင်စီရဲ့ထောက်တိုင်ဖြစ်နေတာကြောင့် အခုလို မီးရှို့ဖျက်ဆီးခဲ့တာလို့ ပြောပါတယ်။

အနီးနားက စျေးဆိုင်တွေ မကူးစက်အောင် မီးငြှိမ်းသတ်နေတဲ့အချိန်မှာ ရေပြာက ရဲတွေ ရောက်လာတာကြောင့် ပြည်သူလူထု ထိခိုက်မှာစိုးလို့ ဖောက်ခွဲ ပစ်ခတ်တာ မလုပ်ဘဲ ဆုတ်ခွာခဲ့တယ်လို့ ဆိုပါတယ်။

ဒေသခံတစ်ယောက်က “တောခေါင်းရုံး မီးလောင်ပြီးနောက်ပိုင်း ရေပြာရဲစခန်းကရဲတွေ သေနတ်တွေ ပစ်ဖောက်ပြီး ရွာထဲကို ဝင်လာတယ်ဗျ။ အနားမှာရှိတဲ့ စျေးဆိုင်တွေ၊ ဘိလိယက်ခုံတွေနဲ့ ကျူတံတွေကို ရိုက်ချိုးဖျက်ဆီးပြီး ဆိုင်ကယ်အပိုပစ္စည်းတွေ ၃ သိန်းကျပ်ဖိုးလောက်နဲ့ ဆိုင်ကယ် ၃ စီးကိုလည်း အဓမ္မယူဆောင်သွားကြတယ်” လို့ ပြောပါတယ်။

King Fighter ပြောက်ကျားတပ်ဖွဲ့အနေနဲ့ မဟာမိတ်တပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီး စစ်ကောင်စီ ဒေါက်တိုင်တွေကို ဖြိုဖျက်တိုက်ခိုက်သွားမှာဖြစ်သလို မိဘပြည်သူတွေအနေနဲ့ စစ်ကောင်စီ အသိုင်းအဝိုင်းနဲ့ နီးစပ်တဲ့နေရာတွေကို မသွားရောက်ဖို့ သတိပေးထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up