close

ပဲခူးတိုင်းအနောက်ခြမ်းတွင် ဆက်ကြေးပေးပြီး လောင်းကစားဝိုင်းများ ပေါ်ပေါ်တင်တင်လုပ်လာ

ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်၊ နတ္တလင်းနဲ့ ကြို့ပင်ကောက်မြို့နယ်တွေထဲက ကျေးရွာ တချို့မှာ စစ်တပ်က အာဏာသိမ်းပြီးစကတည်းက လောင်းကစား၀ိုင်းတွေကို တရား၀င်လူ မြင်ကွင်းတွေမှာ ပြုလုပ်နေကြတယ်လို့ ဒေသခံတွေကပြောပါတယ်။

နတ္တလင်းမြို့နယ်က ကန်တွင်းကျေးရွာ၊ ပန်းတင်လေး-ချောင်းစောက်ကျေးရွာ၊ သစ်စိမ့်ကုန်းကျေးရွာ၊ ချောင်းစောက်၊ ကြိုပင်ကောက်မြို့က ပန်းတင်လမ်းနဲ့ ဇီးကုန်းမြို့နယ်ထဲက လောင်းကစားဝိုင်းတွေပြုလုပ်ခဲ့တာဖြစ်ပါတယ်။

အခုလို လောင်းကစားဝိုင်းတွေကြောင့် ကျေးရွာဒေသခံပြည်သူတွေ စိတ်အနှောင့်အယှက်တွေ ဖြစ်နေကြတယ်လို့  နတ္တလင်းမြို့ ဒေသခံတယောက်က ပြောပါတယ်။

ဇီးကုန်းမြို့ခံတယောက်ကလည်း “သူတို့က တရွာကို တပတ်ကို ၂ ရက် အလှည့်ကျလုပ်ကြတာ။ လာကစားသူတွေက ပြည်၊ ဇီးကုန်း ၊နတ္တလင်း ၊ ပေါင်းတည်၊ ရွှေတောင်စတဲ့ မြို့နယ်တွေကနေ ကားတွေ ဆိုင်ကယ်တွေနဲ့ လာကစားကြတာ၊ တနေကုန် ညနက်အထိ ကစားကြတော့ လူကြီးတွေ၊ ကလေးငယ်ရှိတဲ့အိမ်တွေ အဲ့ဒိ ဆူညံသံကြောင့် စိတ်အနှောင့်အယှက်ဖြစ်ရတယ်”လို့ ပြောပါတယ်။

လေးကောင်ဂျင်၀ိုင်း၊ ဂျုံးဂျုံးကျ၊ ဖဲ၀ိုင်း၊ ကြက်၀ိုင်းစတဲ့ လောင်းကစားပွဲတွေကို  စစ်ကောင်စီကို ဆက်ကြေးပေးပြီး စစ်အုပ်စုနဲ့ နီးစပ်သူတွေက  ဒိုင်ခံပြီးပြုလုပ်ကြတာဖြစ်ပါတယ်။ 

ဒေသခံတယောက်က “သူတို့က ပွဲလမ်းသဘင်တခုခုကိုခံပြီး လုပ်တာမဟုတ်ဘူး၊ ဘယ်ရက် ဘယ်မြို့နယ်ဆိုတာတော့ အတိအကျမပြောတတ်ဘူး၊ ဥပမာ အခု စနေကို နတ္တလင်းမြို့နယ်ထဲက ရွာတရွာမှာ စလုပ်တယ်ဆိုရင် တရွာကို ၂ ရက်စီလောက်လုပ်သွားတာ။ သူတို့က  ရဲကို လိုင်းကြေး တနေ့ကို ၄ သိန်း၊ ခရိုင်ရဲရုံးကို တလ ၁၆ သိန်းနဲ့ စစ်တပ်ကိုတော့ ဘယ်လောက်ပေးရသလဲ မသိဘူး။ အဲ့ဒါကြောင့် ပေါ်တင်လုပ်တာ” လို့ပြောပါတယ်။

အဲဒီလိုလောင်းကစား၀ိုင်းတွေများလာတာကြောင့် ပေါင်းတည်၊ နတ္တလင်း၊ ဇီးကုန်း၊ ကြို့ပင်ကောက် မြို့နယ်တွေမှာ နေစဥ်နဲ့အမျှ ဆိုင်ကယ်ပျောက်ဆုံးမှုတွေ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။ 

ဖေဖေါ်ဝါရီလ  ၁ ရက်က ဇီးကုန်းမြို့နယ်က စည်ပင်အရာရှိအိမ်က ဆိုင်ကယ်တစီး အခိုးခံလိုက်ရတယ်လို့  ဇီးကုန်းမြို့ခံတယောက်က ပြောပါတယ်။

အခုလို‌လောင်းကစား၀ိုင်း‌တွေနဲ့ ပတ်သက်ပြီး နတ္တလင်းမြို့မရဲစခန်းကို ဖုံးနဲ့ဆက်သွယ်မေးမြန်းဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့ပေမဲ့ တာ၀န်ရှိသူက  ဖုန်းချပြစ်လိုက်တဲ့အတွက် ဆက်သွယ်လို့မရခဲ့ပါဘူး။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up