ရှဲလ်ရေနံကုမ္ပဏီ အမြတ်ငွေ ဒေါ်လာ ၆ ဒသမ ၄ ဘီလီယံ ရရှိ

နိုင်ငံများစွာမှာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ တူးဖော်ထုတ်လုပ်ဖြန့်ချိနေတဲ့ ရှဲလ်ကုမ္ပဏီက ကမ္ဘာ့ရေနံဈေးနှုန်း မြင့်မားမှုကြောင့် ပြီးခဲ့တဲ့သုံးလအတွင်း အမြတ်ငွေ စံချိန်တင် အများဆုံး ရရှိခဲ့ပြီး ဖေဖော်ဝါရီ ၃ ရက်က အမြတ်ငွေခွဲဝေမှုနဲ့ အစုရှယ်ယာပြန်ဝယ်ယူမှုတွေ မြင့်တက်ခဲ့တယ်လို့ ကြေညာပါတယ်။
၂၀၂၁ နောက်ဆုံးသုံးလအတွင်း အမြတ်ငွေ ဒေါ်လာ ၆ ဒသမ ၄ ဘီလီယံ ရရှိပြီး ၈ နှစ်အတွင်း အမြတ်ငွေ အမြင့်ဆုံး ရရှိမှုပါ။ ကမ္ဘာ့ရေနံဈေးတက်မှုနဲ့ သဘာဝဓာတ်ငွေ့ ကောင်းစွာ ရောင်းဝယ်ဖြန့်ဖြူးနိုင်တာကြောင့်လို့ ဖော်ပြပါတယ်။
တကမ္ဘာလုံး ကိုဗစ် ကျန်းမာရေးကပ်ဘေးကြုံခဲ့ရပြီးနောက် လက်ရှိ စီးပွားရေး အားပြန်ယူနေမှုကြောင့် ရေနံ၊ ဓာတ်ငွေ့နဲ့ လျှပ်စစ်ဈေးနှုန်းတွေ မြင့်တက်မှုကြုံရချိန်မှာ ရှဲလ်ကုမ္ပဏီက မကြုံစဖူး အမြတ်တွေ ရနေတာပါ။
ကုမ္ပဏီရဲ့ စီအီးအို ဘန်ဗန်ဘူအာဒန်က တကယ်လို့ ရုရှားက ရေနံနဲ့ဓာတ်ငွေ့ ဖြတ်တောက်မှုတွေ လုပ်ခဲ့ရင် ဥရောပကို ရှဲလ်ကုမ္ပဏီက ကူညီပေးသွားမယ်လို့ ပြောပါတယ်။
ကုမ္ပဏီက ဒီနှစ်လလယ်အတွင်း အစုရှယ်ယာ ဒေါ်လာ ၈ ဒသမ ၅ ဘီလီယံထိ ပြန်ဝယ်သွားမယ်လို့ လည်း ကြေညာပါတယ်။