မကွေးတိုင်း မြို့နယ် ၂ ခုတွင် စစ်ကောင်စီတပ်နှင့် PDF တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွား

မကွေးတိုင်း ပခုက္ကူမြို့နဲ့ ကျောက်ထုမြို့နယ်တို့မှာ ဖေဖော်ဝါရီ ၄ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့နဲ့ ဒေသခံ PDF တပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ပခုက္ကူမြို့ အင်းဝဘဏ်ရှေ့မှာ ခြေကုပ်ယူထားတဲ့ စစ်ကောင်စီတပ်သားတွေကို ဖေဖော်ဝါရီ ၄ ရက်နေ့ ညနေ ၆ နာရီခွဲလောက်က ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ၂ ယောက်သေဆုံးကာ ၃ ယောက်ထက်မနည်း ဒဏ်ရာရရှိသွားတယ်လို့ ပခုက္ကူ PDF က ပြောပါတယ်။
ပခုက္ကူမြို့ မြို့မလမ်းက အင်းဝဘဏ်ရှေ့မှာ ခြေကုပ်ယူပြီးပြည်သူတွေ စိတ်အနှောင့်အယှက်ဖြစ်အောင် ပြုလုပ်နေတဲ့ စစ်ကောင်စီတပ်သားတွေကို မြို့ပြတိုက်ခိုက်ရေးအဖွဲ့တစ်ခုဖြစ်တဲ့ Defense Team PKU က ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ ပခုက္ကူ PDF ရဲ့ ပြန်ကြားရေးတာဝန်ခံက ဒီဗွီဘီကို ပြောပါတယ်။
တိုက်ခိုက်မှုအတွင်း နှစ်ဘက်အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီရဲ့တပ်သား ၂ ယောက် နေရာမှာတင် သေဆုံးသွားပြီး ၃ ယောက်ထက်မနည်း ဒဏ်ရာရရှိသွားကာ ပခုက္ကူ PDF ရဲဘော်တွေ အထိခိုက်အကျဆုံးမရှိဘဲ အောင်အောင်မြင်မြင် ဆုတ်ခွာနိုင်ခဲ့တယ်လို့ ပြောပါတယ်။
အခုလို တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဟာ မြို့ပေါ်ကနေရာတစ်ချို့ကို အကြောင်းမဲ့ ရမ်းသမ်းပစ်ခတ်တာတွေ၊ ပြည်သူတွေကို ဖမ်းဆီးပြီး ညှဥ်းပမ်းနှိပ်စက်တာတွေ ပြုလုပ်လာနိုင်လို့ မိဘပြည်သူတွေအနေနဲ့ လုံခြုံရေးဂရုစိုက်ကြဖို့ သတိပေးထားပါတယ်။
မြို့ခံတစ်ယောက်က “အစပိုင်းက ပခုက္ကူမြို့မရဲစခန်း တိုက်ခိုက်ခံရတယ်လို့ ကြားတာဗျ။ နောက်ပိုင်းမှ အင်းဝဘဏ်ရှေ့မှာ နေရာယူထားတဲ့ စစ်ကောင်စီတပ်သားတွေတိုက်ခိုက်ခံရတယ်လို့ သိရတာ။ ပခုက္ကူ မြို့မလမ်းတစ်လျှောက်မှာတော့ သေနတ်ပစ်ခတ်သံတွေ ဆူညံသွားတာပဲ။ စစ်ကောင်စီ တပ်သားတွေနဲ့ ရဲတွေကတော့ လမ်းတွေကို ပိတ်ပြီး ဆိုင်ကယ်တူးဘောက်တွေ ကားတွေကိုစစ်ဆေးနေကြတယ်” လို့ ပြောပါတယ်။
မကွေးတိုင်း ကျောက်ထုမြို့မှာလည်း ဖေဖော်ဝါရီ ၄ ရက်နေ့ မနက်ပိုင်းက ကျောက်ထု PDF နဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲနှစ်နေရာဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ကျောက်ထုမြို့ ပုံတောင်ပုံညာ လမ်းပိုင်းမှာ စစ်ကောင်စီတပ်တွေကို ကျောက်ထု PDF က ဖေဖော်ဝါရီ ၄ ရက် မနက် ၅ နာရီခွဲလောက်မှာ မိုင်း ၃ လုံး၊ မနက် ၇ နာရီလောက်မှာ မိုင်း ၁ လုံး၊ မွန်းလွဲ ၂ နာရီခွဲလောက်မှာ မိုင်း ၄ လုံးဆွဲပြီး တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးသူများပြားနိုင်တယ်လို့ ကျောက်ထု PDF ပြန်ကြားရေးတာဝန်ခံက ဒီဗွီဘီကို ပြောပါတယ်။
ဒါအပြင် ညနေ ၅ နာရီခွဲလောက်မှာလည်း ကျောက်ထု PDF နဲ့ စစ်ကောင်စီတပ်တို့ နှစ်ဖက် အပြန်အလှန် လက်နက်ကြီးလက်နက်ငယ်တွေ ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
“ကျောက်ထု အမြောက်တပ်ထဲကိုလည်း နေ့လယ် တစ်နာရီလောက်မှာ ကျနော်တို့ဘက်က ၆၀ မမ ၃ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်တာ၊ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူ ရှိနိုင်ပေမယ့် အတိကျတော့ အတည်မပြုနိုင်သေးဘူး” လို့ ပြောပါတယ်။
နှစ်ဖက်တိုက်ပွဲအတွင်းမှာ ကျောက်ထု PDF ရဲဘော်တွေ အထိအခိုက် အကျဆုံးမရှိဘဲနဲ့ အောင်အောင်မြင်မြင် ဆုတ်ခွာနိုင်ခဲ့ကြတယ်လို့ ပြန်ကြားရေးတာဝန်ခံက ဆိုပါတယ်။
ပခုက္ကူမြို့နဲ့ ကျောက်ထုမြို့နယ်တို့မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း ထိခိုက်သေဆုံးတဲ့ အခြေနေကိုတော့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။