နိုင်ငံခေါင်းဆောင်များအပေါ် တရားစွဲထားသည့် ရွေးကောက်ပွဲအမှု တရားလိုကို စတင်စစ်ဆေးမည်

၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ သမ္မတ ဦး၀င်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစုကြည်နဲ့ ပြည်ထောင်စု၀န်ကြီး ဦးမင်းသူတို့ဟာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အပေါ်မှာ မလျော်သြဇာလွှမ်းမိုးခဲ့တယ်လို့ စစ်ကောင်စီစွပ်စွဲပြီး ရာဇတ်ကြီးပုဒ်မ ၁၃၀ (က) နဲ့ တရားစွဲဆိုထားတဲ့အမှုကို ဖေဖော်ဝါရီ ၇ ရက် ဒီကနေ့ ရုံးထုတ်ခဲ့တယ်လို့ သိရပါတယ်။
ဒီနေ့ရုံးချိန်းမှာ အပြီးသတ်ညှိနှိုင်းတာကို ဆက်လက်ဆောင်ရွက်ခဲ့ပြီး စစ်ကောင်စီခန့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က တရားလိုညွှန်ကြားရေးမှူး ဦးအောင်မျိုးမင်းကို နောက်ရုံးချိန်းဖြစ်တဲ့ ဖေဖော်ဝါရီ ၁၄ ရက်မှာ စတင်စစ်ဆေးမယ်လို့ တရားရုံးနဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းကနေ သိရပါတယ်။
ဖေဖော်ဝါရီ ၂၁ ရက်မှာတော့ တရားလိုပြသက်သေ ဦးဇော်လင်းသင်းနဲ့ တရားလိုပြသက်သေ ၂၀ ကို တနင်္လာနေ့တိုင်းမှာ စစ်ဆေးသွားမယ်လို့ သိရပါတယ်။
တရားသူကြီးက တရားလိုပြသက်သေတွေကို ဧပြီ ၁၈ ရက်အပြီးစစ်ဖို့နဲ့ ဧပြီ ၂၅ ရက်မှာ စွဲချက် လျှောက်လဲချက်တင်ပြီး မေလ ၂ ရက်မှာ စွဲချက်အမိန့်ချဖို့ ဆုံးဖြတ်ခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်သူက ဆိုပါတယ်။
၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ စစ်တပ်ထောက်ခံတဲ့ ကြံ့ခံရေးပါတီကရှုံးနိမ့်ပြီး အန်အယ်လ်ဒီ ပါတီက အပြတ်အသတ်အနိုင်ရရှိခဲ့တာကြောင့် အစိုးရသစ်ဖွဲ့စည်းဖို့လွှတ်တော်စခေါ်မယ့် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်မှာ စစ်တပ်က အာဏာသိမ်းခဲ့တာ ဖြစ်ပါတယ်။