close

တရုတ်နိုင်ငံသို့ မြန်မာပြည်မှ ပြောင်းချဉ်ဖတ် စမ်းသပ်တင်ပို့မည်

တရုတ်နိုင်ငံကို မြန်မာနိုင်ငံကနေ ပြောင်းနဲ့ တိရစ္ဆာန်အစာ ပြောင်းချဉ်ဖတ်တွေ တင်ပို့နိုင်ဖို့ အပင်ကျန်းမာရေးဆိုင်ရာ လိုအပ်ချက် သဘောတူစာချုပ်ကို ပြီးခဲ့တဲ့ သီတင်းပတ်က လက်မှတ်ရေးထိုးခဲ့တယ်လို့ စစ်ကောင်စီ လက်အောက်ခံ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

တရုတ်အကောက်ခွန် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ( GACC) နဲ့ အဆိုပါဌာနတို့ ပြီးခဲ့တဲ့ ဇန်န၀ါရီ ၃၁ရက်နေ့က လက်မှတ်ရေးထိုးခဲ့ကြတာပါ။

အဲဒီဌာနရဲ့ ထုတ်ပြန်ထားချက်အရ မြန်မာနိုင်ငံက ထွက်ရှိတဲ့ ပြောင်းဖူးစေ့ကို တိရစ္ဆာန်အစာအနေနဲ့ တရုတ်နိုင်ငံကို တင်ပို့ဖို့သဘောတူညီချက်ရရှိပြီး ဖြစ်သလို၊ ပြောင်းချဉ်ဖတ်ကို စမ်းသပ်တင်ပို့ဖို့ အတွက်လည်း နှစ်ဘက် သဘောတူညီထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီသဘောတူညီမှုတွေအရ မြန်မာနိုင်ငံက ပြောင်းနဲ့ တိရစ္ဆန်အစာ ပြောင်းချဉ်ဖတ်တွေကို တရုတ်နိုင်ငံကို ပင်လယ်ရေကြောင်းနဲ့ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေကနေ တရားဝင်တင်ပို့နိုင်မှာဖြစ်ပါတယ်။ လက်ရှိမှာတော့ မြ၀တီနယ်စပ်ကုန်သွယ်ရေးက တစ်ဆင့်ထိုင်းနိုင်ငံကို ပြောင်းဆန်တွေ အခွန် ကင်းလွတ်ခွင့်နဲ့ စတင်တင်ပို့နေပြီ ဖြစ်ပါတယ်။

ပြောင်းတင်ပို့ရာမှာ ထိုင်းနိုင်ငံက သူ့ရဲ့ကုန်သွယ်ရေးမူအရ နှစ်စဥ် ဖေဖော်၀ါရီ ၁ ရက်ကနေ သြဂုတ် ၃၁ ရက်အထိကို အကောက်ခွန်သက်သာခွင့် သုညရာခိုင်နှုန်းနဲ့ တင်သွင်းခွင့်ပေးထားတာပါ။

သြဂုတ်လနောက်ပိုင်း ထိုင်းနိုင်ငံမှာ ပြောင်းထွက်ပေါ်ချိန်ကစတင်ပြီး  သူ့တို့ရဲ့ အမျိုးသားအကျိုးစီးပွားကာကွယ်တဲ့အနေနဲ့ အခွန်နှုန်း ကိုတိုးမြှင့်ထားတာ ဖြစ်ပါတယ်။ အဲဒါကြောင့် အကောက်ခွန်သက်သာခွင့် သုညရာခိုင်နှုန်းနဲ့ ထိုင်းနိုင်ငံကို တစ်နှစ်ပတ်လုံး ပြောင်းတင်ပို့ခွင့်ရရှိရေး နှစ်ဘက်ဆွေးနွေးမှုတွေလည်း ရှိခဲ့ပါတယ်။

ဒီနှစ်အတွင်းမှာက ပြည်တွင်းလိုအပ်ချက်ရော၊ ပြည်ပလိုအပ်ချက်ရောက ပြောင်းဆန်လိုအပ်ချက် မြင့်မားနေတဲ့အတွက် ဈေးကွက်အရတော့ ရောင်းလိုအားနည်းပြီးတော့ ဝယ်လိုအားများမယ်။ ဈေးနှုန်းတော့ တောင်သူဘက်ရော၊ ကုန်သည်တွေဘက်ရော ဈေးနှုန်းအမြင့်ဈေးရနိုင်တယ်လို့ ခန့်မှန်းလို့ရပါတယ်။

လက်ရှိမှာ ပြည်တွင်းပြောင်းကို  နယ်စပ်ကနေတဆင့် ထိုင်း၊ တရုတ်နဲ့လာအိုကို အဓိက တင်ပို့နေ တာဖြစ်ပါတယ်။ ပင်လယ်ရေကြောင်းကနေ အိန္ဒိယနဲ့ ဗီယက်နမ်နိုင်ငံတို့ကို အထိုက်အလျောက်သာ တင်ပို့နေပြီး၊ အခုနှစ်မှာ ဖိလစ်ပိုင်နိုင်ငံကို စတင်တိုးချဲ့တင်ပို့နိုင်ခဲ့တယ်လို့သိရပါတယ်။

နှစ်စဉ် ပြည်တွင်းမှာ စိုက်ပျိုးထုတ်လုပ်တဲ့ ပြောင်းတန်ချိန်  တစ်နှစ်ကို ၂ သန်းခွဲ၀န်းကျင်ရှိပြီး၊ ယခုနှစ်မှာတော့ နိုင်ငံရေးမတည်ငြိမ်မူရဲ့ နောက်ဆက်တွဲ သက်ရောက်မှုတွေနဲ့ သွင်းအားစုစျေးကြီးမြင့်မှုကြောင့် စိုက်ပျိုးထုတ်လုပ်နိုင်မှုပမာဏ လျော့ကျနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။

အဲဒါကြောင့် အခုနှစ်ပြောင်းအထွက်နှုန်းနည်းနိုင်ပြီး ပြည်တွင်း၊ ပြည်ပပြောင်းလိုအပ်ချက် များနေတဲ့အတွက် ရောင်းလိုအားထက် ၀ယ်လိုအားများကာ ပြောင်းစျေး အမြင့်ပိုင်းရှိနိုင်တယ်လို့ ကုန်သည်တွေက ခန့်မှန်းထားကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up