close

မိုးနဲစစ်ကောင်စီတပ်သား ၂ ဦး ပြည်သူ့ရင်ခွင်ခိုလှုံ

ရှမ်းပြည်တောင်ပိုင်း၊ မိုးနဲမြို့၊ အမတ ၃၆၃ က စစ်ကောင်စီတပ်သား ၂ ယောက်ဟာ ပြည်သူ့ ရင်ခွင်ခိုလှုံလာခဲ့ကြတယ်လို့ သိရပါတယ်။

သူတို့ ၂ ယောက်ဟာ စစ်ကောင်စီရဲ့ မတရားဖိနှိပ်မှုတွေကို မခံရပ်နိုင်တော့တဲ့အတွက် ပြည်သူ့ပန်းတိုင်အဖွဲ့နဲ့ ဆက်သွယ်ပြီး အလင်းဝင်ရောက်လာခဲ့ကြတာဖြစ်ပြီး လက်ရှိမှာတော့ ဘေးကင်းလုံခြုံရာနေရာကို ရောက်ရှိနေပြီလို့ ဆိုပါတယ်။

“စကစ ရဲ့ လက်အောက်မှာ ကျနော်တို့ ဘယ်လိုမှ မနေနိင်တော့ဘူး။ အရင်ကတည်းက ကျနော်တို့နှစ်ယောက် ပြည်သူ့ဘက်ကူးပြောင်းရပ်တည်ဖို့အတွက် နည်းလမ်းပေါင်းစုံ ကြံ စည်နေတာ။ အခု အခြေအနေတစ်ခုပေးလာတော့ ကျနော်တို့ ရအောင်ကြိုးစားပြီး ထွက် ခဲ့ရတာပဲ။ အခုကျနော်တို့အောက်ခြေက စစ်သည်တွေဆိုရင် ဘယ်မှလည်းသွားခွင့်မရ၊ မိဘအိမ်လည်းပြန်မရ၊ လစာတွေကိုလည်း ဘဏ်စုငွေဆိုပြီး ပြန်သွင်းခိုင်းတယ်။ ဒီတော့ ဘဏ်စုငွေကို ထုတ်ခွင့်မရဘူး။ ကျနော်တို့တပ်က ရှမ်းပြည်ဘက်က တပ်တစ်ခုဖြစ်တယ်၊ အုတ်တွင်းဘက်မှာ စုဖွဲ့မှုလာလုပ်ရတာ။ အထက်က ကျနော်တို့ကို ဘယ်ကိုသွားရမယ်၊ ဘာလုပ်ရမယ်ဆိုတာ ဘာမှပြောမထားဘူး။ အခု ကျနော်တို့ ပြည်သူ့ပန်းတိုင်ရဲ့ အချိတ် အဆက်အကူညီတွေနဲ့ လွတ်မြောက်နယ်မြေတစ်ခုကို ရောက်ရှိနေပါပြီ။ ကျနော်တို့ တပ်မှာ အောက်ခြေစစ်သည်တွေ ထပ်ပြီးထွက်လာဖို့တွေလည်း ရှိနေပါတယ်။”

ပြည်သူ့ပန်းတိုင်အဖွဲ့ကိုတော့ အရင်ကပြည်သူ့စစ်သား - People’s Soldiers အဖွဲ့မှာ ပါဝငခဲ့တဲ့ ပြည်သူတွေရဲ့ ဦးဆောင်မှုနဲ့ ပြည်သူ့အခြေပြုအဖွဲ့အစည်းအနေနဲ့ ပြောင်းလဲဖွဲ့စည်းထားတာ ဖြစ်ပါတယ်။

တပ်မတော်ကို အလွဲသုံးစားပြုလုပ်နေတဲ့ လက်တစ်ဆုပ်စာ စစ်ဗိုလ်ချုပ်တစ်စုရဲ့ လက်ကိုင်တုတ် ခါးပိုက်ဆောင်တပ်အဖြစ်မှ ရုန်းထွက်ပြီး ပြည်သူ့ရင်ခွင် အမြန်ဆုံးခိုဝင်ကြဖို့ တပ်မတော်သားတွေကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က  တိုက်တွန်းနှိုးဆော်ထား ပါတယ်။

စစ်အာဏာသိမ်းကာလ ၁ နှစ်ကျော်အတွင်း CDM လှုပ်ရှားမှုမှာပါဝင်လာသူတွေနဲ့  ပြည်သူ့ ရင်ခွင်ခိုလှုံလာတဲ့ တပ်မတော်သားတွေလည်း ထောင်နဲ့ချီ ရှိလာနေပြီ ဖြစ်ပါတယ်။

ဒါ့အပြင် အင်အားကြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဖြစ်ကြတဲ့ ကချင်လွတ် မြောက်ရေးတပ်မတော် (ကေအိုင်အေ)နဲ့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တို့လို အဖွဲ့အစည်းတွေကလည်း စစ်အာဏာရှင်ဆန့်ကျင်ကာ ပူးပေါင်းလိုတဲ့ ရှေ့တန်းရောက် မြန်မာ့တပ်မတော်သားတွေကို လက်ကမ်းကြိုဆိုနေတာကို တွေ့ရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up