close

ထိုင်းနိုင်ငံအလယ်ပိုင်း အဝေးပြေးကားပေါ်လိုက်ပါလာသော မြန်မာများ ဖမ်းဆီးခံရ

ထိုင်းနိုင်ငံအလယ်ပိုင်း အယုဒ္ဓယခရိုင် အဝေးပြေးလမ်းမပေါ်မှာ ဖေဖော်ဝါရီ ၇ ရက် ည ၉ နာရီခွဲက  ခရီးသည်တင်ကားနဲ့ရော ရိုးရိုးကားနဲ့ပါ လိုက်ပါစီးနင်းလာတဲ့ တရားမဝင် မြန်မာနိုင်ငံသား ၁၃  ဦး ဖမ်းဆီးခံရတယ်လို့ မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

ပထမတစ်သုတ်ကို ပထုန်ဌာနီခရိုင် ခလောင်းလုံမြို့နယ်၊ ခနောင်နိုင်အုပ်စု၊ ဖဟွန်ယိုးထင်း အဝေးပြေးလမ်းမပေါ်ရှိ အနက်ရောင်တိုယိုတာဝီးဂို့ ကားတစ်စီးပေါ်ကနေ ဖမ်းဆီးရမိပြီး အသက် ၁၉ နှစ်မှ ၃၂ နှစ်ကြား အမျိုးသား ၃ ဦး၊ အမျိုးသမီး ၅ ဦးတို့ ပါဝင်ပါတယ်။ 

ဒီကိစ္စနဲ့ပတ်သက်ပြီး ယာဉ်မောင်းဖြစ်သူ အသက် ၅၄ နှစ်ရှိ ထိုင်းအမျိုးသား နိုင်းဧကချိုင်း ဆိုသူလည်း ဖမ်းဆီးခံခဲ့ရပါတယ်။ သူတို့ဟာ ပွဲစားကို တယောက် ဘတ် ၂၈၀၀၀ ပေးခဲ့ရပြီ ကားသမားကတော့ သူ့အနေနဲ့ တဦးလျှင် ဘတ် ၅၀၀ သာရရှိတယ်လို့ ဆိုပါတယ်။  

ဒါ့အပြင် ထိုင်းမြောက်ပိုင်းဘက်ကနေ လာတဲ့ အဝေးပြေးခရီးသည်တင်ကားပေါ်မှာ တရားမဝင် အလုပ်သမားတွေ လိုက်ပါစီးနင်းလာကြောင်း ကြိုတင်သတင်းရထားတဲ့အတွက် လ.ဝ.က ရဲနဲ့ အဝေးပြေးလမ်းရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး ဝင်လာတဲ့ကားတွေကို စစ်ဆေးခဲ့ပါတယ်။

အဲဒီနောက်  အယုဒ္ဓယခရိုင်၊ ဘန်ပအင်မြို့နယ် ချိန်းရတ်နွဲ့အုပ်စု အာရှလမ်းမကြီးပေါ် မောင်းနှင်လာတဲ့ ချင်းမိုင်-ဘန်ကောက် အဝေးပြေးကားကြီးပေါ်ကနေ တရားမဝင် မြန်မာအမျိုးသား ၄ ဦး နဲ့ အမျိုးသား ၁ ဦးတို့ကို ဖမ်းဆီးရမိတယ်လို့ ဆိုပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး အသက် ၃၈ နှစ်အရွယ် ထိုင်းယာဉ်မောင်းသမား ၁ ဦးပါ ဖမ်းဆီးခံလိုက်ရပါတယ်။ 

အဲဒီည ၉ နာရီကျော်မှာပဲ ချင်းရိုင်းခရိုင်၊ ကျိန်းဆဲန်မြို့နယ် ဝိန်းအုပ်စုထဲမှာ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာ ၁၁ ဦးဖမ်းဆီးခံခဲ့ရပါတယ်။ 

သူတို့ထဲမှာ အမျိုးသား ၃ ဦး၊ အမျိုးသမီး ၆ ဦးနဲ့ ကလေးငယ် ၂ ဦးတို့ ပါဝင်ပြီး ထိုင်း-မြန်မာ နှစ်နိုင်ငံကြား မယ်ဟုတ်ချောင်းကို ဖြတ်ကာ ကြက်မောက်သီးခြံထဲ လမ်းလျှောက်ဝင်ရောက်လာစဉ် တာဝန်ရှိသူတွေက တွေ့သွားပြီး ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။ 

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးတဲ့နောက် နိုင်ငံရေးမတည်ငြိမ်မှု၊ အသက်အိုးအိမ်လုံခြုံမှုမရှိ၊ စားဝတ်နေရေး ခက်ခဲမှုတွေကြောင့် ထိုင်းနိုင်ငံထဲ ဝင်ရောက်လုပ်ကိုင်ဖို့ ကြိုးစားရာမှာ အဖမ်းခံရတာလည်း နေ့စဉ်လိုရှိနေပါတယ်။ 

ဖမ်းဆီးခံရသူတွေကို အကျဉ်းထောင်နဲ့ နယ်ခြားစောင့်စစ်တပ်တန်းလျားတွေမှာ ထိန်းသိမ်းထားပြီး ဥပဒေအရ အရေးယူ အပြစ်ပေးပြီးတဲ့ခါမှာ တစ်ပတ်လျှင် ၃ ကြိမ် မြန်မာအစိုးရထံ ပြန်လည်လွှဲပြောင်းပေးနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up