ဧရာဝတီတိုင်းမှာ တပတ်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၃၀ ကျော်ထိရှိလာပြီး ၁ ဦးသေဆုံး



စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဧရာဝတီတိုင်းမှာ ဖေဖော်ဝါရီ ၁ ပတ်အတွင်း ကိုဗစ်ရောဂါ ကူးစက်ခံရတဲ့ လူနာ ၁၃၀ ကျော်ထိရှိလာပြီးဖြစ်တယ်လို့ တိုင်းကျန်းမာရေးနဲ့နီးစပ်သူတွေထံက သိရပါတယ်။
ဖေဖော်ဝါရီလ ၂ ရက်က စတင်ကာ မြို့အဝင်စစ်ဆေးရေးဂိတ်တွေမှာ ကိုဗစ်ကာကွယ်ဆေး မထိုးရသေးတဲ့သူတွေကို ဦးစားပေးစစ်ဆေးခဲ့တာမှာ မြောင်းမြ၊ ဖျာပုံနဲ့ ဟင်္သာတမြို့နယ်တွေမှာ ရောဂါပိုးအများဆုံးတွေ့ရှိခဲ့တာလို့ တိုင်းကျန်းမာရေးနဲ့ နီးစပ်သူတဦးက ပြောပါတယ်။
“တော်တော်များများက အပြင်ကပြန်လာတဲ့သူတွေပေါ့။ ဒေသတွင်း ပြန်လာမျိုးတော့ မဟုတ်သေးဘူး။ အများဆုံးကတော့ မြောင်းမြမှာ ခုဆို ၆၀ ကျော်သွားပြီ။ တိုင်းရဲ့ တဝက်လောက်က မြောင်းမြစာရင်း ဖြစ်နေတာပေါ့”လို့ ပြောပါတယ်။
ရောဂါပိုးကူးစက်ခံရသူ ၁၃၀ ကျော်ထဲမှာ ဘိုကလေးမြို့နယ်က ကိုဗစ်ကာကွယ်ဆေးထိုးပြီးသား အမျိုးသမီးတဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ကိုဗစ်ရောဂါကာကွယ်ဆေး ထိုးထားတဲ့သူတွေလည်း ပြန်လည်စစ်ဆေးချိန်မှာ ရောဂါပိုး တွေ့ရှိတာမျိုးတွေ ရှိနေပါတယ်။
ဧရာဝတီတိုင်းမှာ ကိုဗစ်ရောဂါအများဆုံးတွေ့ရှိတဲ့မြို့နယ်တွေကတော့ မြောင်းမြမှာ ၅၅ ဦး၊ ဖျာပုံမြို့မှာ ၁၈ ဦးနဲ့ ဟင်္သာတမြို့မှာ ၁၅ ဦးတို့ ဖြစ်တယ်လို့ သိရပါတယ်။