close

မလေးရှားသို့ မြန်မာအလုပ်သမား စေလွှတ်ရန် အေဂျင်စီများ ပြင်ဆင်

မလေးရှားနိုင်ငံကို မြန်မာအလုပ်သမားတွေ ပြန်လည်စေလွှတ်ရေး လိုအပ်တာပြင်ဆင်ထားဖို့ စစ်ကောင်စီလက်အောက်ခံ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက ပြည်ပအလုပ်အကိုင် အေဂျင်စီတွေဆီကို အကြောင်းကြားထားတယ်လို့ သိရပါတယ်။

မလေးရှားနိုင်ငံဟာ ကိုဗစ်ကပ်ရောဂါကြောင့် မြန်မာအပါအဝင် နိုင်ငံခြားသားအလုပ်သမားတွေကို ၂၀၂၀ နှစ်ဆန်းပိုင်းကတည်းက ခေါ်ယူမှုရပ်ထားရာကနေ နိုင်ငံခြားသား အလုပ်သမားတွေပြန်ခေါ်ဖို့ မလေးရှားအစိုးရက  ၂၀၂၁ ဒီဇင်ဘာ ၁၀ ရက်မှာ ပြုလုပ်တဲ့ အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့ပါတယ်။

မြန်မာစစ်ကောင်စီလက်အောက်ခံ သံရုံးက မလေးရှားအလုပ်သမားရေးရာဌာနကို ဆက်သွယ်မေးမြန်းရာမှာ အလုပ်သမားခေါ်ယူမှု ပြန်ဖွင့်ပေးတော့မယ်လို့ ပြောတဲ့အတွက် အလုပ်သမားစေလွှတ်မယ့် အေဂျင်စီတွေ ကြိုပြင်ဆင်ထားဖို့ အသိပေးရတာလို့ သက်ဆိုင်ရာအေဂျင်စီတွေဆီပေးပို့တဲ့စာမှာ  ဖော်ပြပါတယ်။

မလေးရှားနိုင်ငံကို အလုပ်သမား စေလွှတ်ခွင့်ရထားတဲ့ အေဂျင်စီလုပ်ငန်းရှင်တယောက်က “အလုပ်သမားတွေလည်း စောင့်နေကြတာကြာပြီဆိုတော့ အခွင့်အရေးပေါ်လာတာပေါ့။ အေဂျင်စီတွေကတော့ အလုပ်သမားတွေနဲ့ ပြန်ချိတ်ဆက်ပြင်ဆင်နေကြပြီ”လို့ ပြောပါတယ်။

စိုက်ပျိုးရေးကဏ္ဍအတွက် နိုင်ငံခြားသားအလုပ်သမား  ၃၂၀၀၀ ကို အထူးကင်းလွတ်ခွင့်နဲ့ ခေါ်ဖို့ ဇန်နဝါရီ ၂၈ ရက်ကစပြီး လျှောက်ထား ခွင့်ပြုခဲ့ပြီး တခြားကဏ္ဍတွေအတွက် နိုင်ငံခြားသားအလုပ်သမားတွေ ခေါ်ယူခွင့်ကို ဖေဖော်ဝါရီ ၁၅ ရက်ကစပြီး လျှောက်ထားခွင့်ပြုမယ်လို့ မလေးရှားလူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာနက ကြေညာထားပါတယ်။

ဒါ့အပြင် မလေးရှားအစိုးရဟာ နိုင်ငံခြားသားအလုပ်သမားတွေ ဝင်ရောက်ရာမှာ ကျန်းမာရေးဆိုင်ရာ လိုက်နာရမယ့် လုပ်ထုံးလုပ်နည်း ၄ ချက်သတ်မှတ်ထားပါတယ်။

မလေးရှားကို ဝင်ရောက်မယ့် အလုပ်သမားတွေအနေနဲ့ သတ်မှတ် ကွာရန်တင်းနေရာမှာ ၇ ရက် နေထိုင်ရမှာဖြစ်ပြီး ကိုဗစ်ရောဂါ ရှိ၊ မရှိ နှစ်ကြိမ်စစ်ဆေးခံရမှာဖြစ်ကာ အဲဒီအတွက် ကုန်ကျငွေကို အလုပ်ရှင်က စိုက်ထုတ်ပေးရမယ်လို့ ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up