ပူတာအိုတွင် စစ်ဘေးရှောင်အိမ်ခြေ ၁ ထောင်ကျော်ရှိလာ၊ အကူအညီများ လိုအပ်နေ





ကချင်ပြည်နယ် ပူတာအိုမြို့မှာ တိုက်ပွဲတွေကြောင့် ဖေဖော်ဝါရီ ၉ ရက်နေ့ထိ စစ်ဘေးရှောင် အိမ်ခြေ ၁ ထောင်ကျော်လာပြီလို့ စစ်ဘေးရှောင်ပြည်သူတွေကို ကူညီသူတစ်ဦးက ပြောပါတယ်။
“ပူတာအိုမြို့နယ်ထဲက ဆွမ်ပီယန်နဲ့ လုံရှာယာန်တိုက်ပွဲတွေကြောင့် ဒေသခံပြည်သူများ အိမ်ခြေတစ်ထောင်ကျော် ဘေးလွတ်ရာကို ထွက်ပြေးနေရတယ်။ လုံရှာယန်အုပ်စုက အိမ်ခြေ ၈၀၀ ခန့်နဲ့ ဆွမ်ပီယန်အုပ်စုက အိမ်ခြေ ၂၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်။ တချို့က နေ့လယ်လောက် အိမ်ပြန်လာပြီး ညပိုင်းကြောက်လို့ တောမှာ ပုန်းနေကြတယ်။”
ပူတာအိုစစ်ဘေးရှောင်ပြည်သူတွေဟာ နေထိုင်ရေးနဲ့ ဆန်၊ ဆား၊ ဆီ တို့ လိုအပ်နေတယ်လို့ စစ်ဘေးရှောင်နေတဲ့ ဆွမ်ပီယန်ရွာခံတစ်ဦးက ပြောပါတယ်။
“အထူးလိုအပ်တာက နေထိုင်ရေးပေါ့။ ပြီးတော့ စားသောက်ရေးပါ။ လက်ရှိချိန်ထိ စစ်ဘေးရှောင်တဲ့ အရေအတွက်က အတိအကျသိဖို့ ခက်တယ်။ တချို့က တောမှာခိုကြတယ်။ တချို့က ပူတာအိုမြို့တွင်းဘက်မှာ ဆွေးမျိုးတွေဆီ ခိုလှုံနေကြတယ်။ တချို့က မြစ်ကြီးနားဘက်ကို ထွက်ပြေးနေရလို့ စာရင်းအတိကျမသိနိုင်ဘူး။”
စစ်ဘေးရှောင်ပြည်သူတွေအတွက် ကျန်းမာရေး စောင့်ရှောက်မှုနဲ့ နေရာချထားရေးတို့မှာလည်း အကူညီလိုအပ်နေတယ်လို့ စစ်ဘေးသင့်ပြည်သူတွေကို အကူအညီပေးသူ ဆရာမတစ်ဦးက ပြောပါတယ်။
“ဆောင်းတွင်းကာလမှာ ကျန်းမာရေးစောင့်ရှောက်မှုတွေ လိုအပ်တယ်။ ခုလည်း ဖျားနာသူတွေ အရမ်းဒုက္ခရောက်နေတယ်။ ပူတာအို စစ်ဘေးသင့်ပြည်သူများအတွက် ကျန်းမာရေး စောင့်ရှောက်မှု အကူအညီတွေ လိုအပ်နေသလို စစ်ဘေးသင့်ပြည်သူများအတွက် လတ်တလော နေထိုင်ရေးအတွက် သီးသန့်နေရာများချထားဖို့ လိုအပ်တယ်” လို့ ပြောပါတယ်။
ပူတာအိုမှာ ဖေဖော်ဝါရီ ၁ ရက်က စတင်လိုက်တဲ့ စခန်းသိမ်းတိုက်ပွဲတွေကြောင့် KIA၊ PDF ပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်ဖွဲ့တို့ကြား စစ်ရေးတင်းမာနေပြီး စစ်ကောင်စီဘက်က လက်နက်ကြီးတွေ ရမ်းသမ်းပစ်ခတ်နေတာကြောင့် ဒေသခံပြည်သူတွေ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်သူ ၅၀၀၀ ကျော်ရှိလာပြီဖြစ်ပါတယ်။
စစ်ကောင်စီက ဖေဖော်ဝါရီ ၁ ရက်က ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းအဖွဲ့တို့ တိုက်ခိုက်သိမ်းပိုက်ထားတဲ့ ဆွမ်ပီယန်စခန်း ရှိရာကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဆွမ်ပီယန်ရွာက အပြစ်မဲ့ပြည်သူ ၅ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။