close

ပူတာအိုတွင် ဓာတ်ဆီရှားပါးပြတ်လပ်၊ ၁ ဂါလန်ကို ကျပ် ၁၀,၀၀၀ အထိ စျေးတက်

ကချင်ပြည်နယ်၊ ပူတာအိုမြို့မှာ ဓာတ်ဆီရှားပါးလာတဲ့အတွက် ဖေဖော်ဝါရီ ၈ ရက်မှာ ၁ ဂါလန်ကို ကျပ် ၁၀,၀၀၀ အထိ စျေးတက်နေပြီလို့ ပူတာအိုဒေသခံတွေထံက သိရပါတယ်။

အရင်က ကိုဗစ်ကာလအတွင်းမှာ ဆီတဂါလန်ကို ကျပ် ၄၅၀၀ ဝန်းကျင်သာ ရှိပြီး အခု ဆီတင်ပို့ခွင့် ပိတ်ပင်ခံလိုက်ရပြီးနောက် တဖြည်းဖြည်း မြင့်တက်လာကာ ဆီဆိုင်တွေမှာလည်း ဓာတ်ဆီပြတ်လပ်သွားတယ်ဆိုပြီး ပိတ်လိုက်တာလို့ ဒေသခံတွေက ပြောပါတယ်။ 

“မနေ့က ဖေဖော်ဝါရီ ၇ ရက်နေ့ မနက်ထိတော့ ဆီဆိုင်‌တွေ ဖွင့်တယ်။ နေ့လယ်ရောက်တော့ ဆီမလောက်ဘူးဆိုပြီး ပိတ်ထားတယ်လေ။ စစ်ကောင်စီက မြစ်ကြီးနားကနေ ပူတာအိုကို လောင်စာဆီတင်ပို့တာကို တားမြစ်ထားတော့ ပိုပြီးရှားပြီး ဈေးပိုတက်ဖို့ပဲ ရှိတော့တယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

လောင်စာဆီ ပြတ်လပ်ပြီး ကုန်ဈေးနှုန်း အဆမတန် မြင့်တက်လာမှာကိုလည်း ဒေသခံတွေက စိုးရိမ်နေကြတာပါ။ ဆီပြတ်လပ်တော့မယ်ဆိုတဲ့ သတင်းကြောင့် ဒေသခံတွေက ဆီဆိုင်တွေမှာ တိုးဝှေ့ဝယ်ယူခဲ့ကြပြီး ဆီဆိုင် တဆိုင်ပြီးတဆိုင် ဆီပြတ်လပ်သွားလို့ ဆိုင်ပိတ်ရာမှာ ဒီကနေ့ ဖေဖော်ဝါရီ မနက်ပိုင်းမှာတော့ ဆီဆိုင်အားလုံး ပိတ်သွားပြီလို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၆ ရက်ကနေစပြီး စစ်ကောင်စီက ဆီတွေတင်ပို့တာကို တားမြစ်ထားတာ ဖြစ်ပြီး လိုင်းကားဆွဲတဲ့ ကားဆရာတွေလည်း လမ်းမှာသုံးဖို့လောက်ပဲ တင်ဆောင်ခိုင်းတယ်လို့ သိရပါတယ်။ 

ပူတာအိုခရိုင်ကို လောင်စာဆီ တင်ဆောင်ခွင့် ဘာကြောင့် တားမြစ်တယ်ဆိုတာမျိုး စစ်ကောင်စီဘက်က ပြောကြားတာမျိုးမရှိဘဲ ရုတ်တရက် အခုလို ကန့်သတ် တားမြစ်လိုက်တာပါ။ ဆီတင်တဲ့ကားတွေကိုလည်း မြစ်ကြီးနားကို ပြန်လည် လှည့်ပြန်ခိုင်းနေတာလို့ သိရပါတယ်။ 

အခု တားမြစ်ခံရတဲ့ ပူတာအိုဒေသဘက်မှာ Putao PDF နဲ့ စကစတို့ တိုက်ပွဲဖြစ်ပွားခဲ့ကာ တပ်စခန်းတွေ ဆုတ်ခွာပေးခဲ့ရတာမျိုး ရှိလာပြီးတဲ့နောက် အခုလိုမျိုး လောင်စာဆီ တင်ဆောင်ခွင့် ကန့်သတ်ပိတ်ပင်ခံလိုက်ရတာမျိုး ရှိလာတာပါ။ 

၂၀၁၈ ခုနှစ်မှာ KIA ကနေ စစ်ရေးအရ ဇနန်တံတားကို ဖျက်ဆီးခဲ့တဲ့နောက်မှာ ပူတာအိုမြို့မှာ ဓာတ်ဆီပြတ်တောက်မှုရှိခဲ့ပြီး ဓာတ်ဆီ ၁ ပုလင်းကို ၁၀,၀၀၀ကျပ်အထိ ဈေးထိုးတက်ဖူးတယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up