ဂန့်ဂေါမြို့နယ်တိုက်ပွဲတွင် ပျူစောထီး ၁ ဦး သေဆုံး

မကွေးတိုင်း ဂန့်ဂေါမြို့နယ်မှာ ဖေဖော်ဝါရီ ၁၀ ရက်နေ့မနက်ပိုင်းက စစ်ကောင်စီတပ်၊ ပျူစောထီးတွေနဲ့ PDF-ဂန့်ဂေါတပ်တပ်ရင်းတို့ တိုက်ပွဲဖြစ်ပွားရာ ပျူစောထီးအဖွဲ့ဝင် တစ်ယောက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဂန့်ဂေါမြို့နယ် မြောက်ခင်ရန်းရွာမှာ ကင်းစောင့်နေတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေကို ဒီကနေ့မနက်ပိုင်းမှာ PDF-ဂန့်ဂေါ တပ်ရင်း(၂)၊ တပ်ခွဲ (၂) က ဗိုလ်ဗျတ္တ ဦးဆောင်တဲ့ တပ်ဖွဲ့က လက်နက်ကြီးနဲ့ ၆ ချက်ပစ်ခတ်တိုက်ခိုက်ရာ ပျူစောထီးတစ်ယောက်သေဆုံးပြီး စစ်ကောင်စီတပ်သားတစ်ချို့ ဒဏ်ရာရရှိခဲ့တယ်လို့ PDF-ဂန့်ဂေါတပ်ရင်းရဲ့ ပြန်ကြားရေးတာဝန်ခံက ဒီဗွီဘီကိုပြောပါတယ်။
စစ်ကောင်စီတပ်ဘက်က ၆၀ မမ၊ ၄၀ မမ လက်နက်ကြီးတွေနဲ့ ပြန်လည်ပစ်ခတ်ပေမယ့် PDF ရဲဘော်တွေ အထိခိုက်အကျဆုံးမရှိဘဲ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ဂန့်ဂေါမြို့နယ်ထဲမှာ ဖေဖော်ဝါရီလ ၅ ရက်ကနေ ၈ ရက်နေ့အထိ စစ်ကောင်စီတပ်တွေနဲ့ PDF-ဂန့်ဂေါတပ်ရင်းတို့ ထိတွေတိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က အများအပြား သေဆုံးဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
နှစ်ဖက်တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး ထိခိုက်သေဆုံးတဲ့ အခြေနေကိုတော့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။