close

တောင်ငူတွင် စစ်တပ်အစောင့်အရှောက်ဖြင့် မီတာခလိုက်ကောက်သည့် လျှပ်စစ်ဝန်ထမ်း ပစ်သတ်ခံရ

ပဲခူးတိုင်း၊ တောင်ငူမြို့ပေါ်ရပ်ကွက်တွေမှာ  မီတာခ မပေးဆောင်တဲ့ အိမ်တွေကို  စစ်ကောင်စီတပ်သားတွေ ခြံရံပြီး  မီတာပုံးတွေလိုက် ဖြုတ်နေပေးနေတဲ့ EPC ဝန်ထမ်းတယောက်  သေနတ်နဲ့ ပစ်ခံရတယ်လို့ ဒေသခံထံက သိရပါတယ်။ 

EPC ဝန်ထမ်း ကျော်ဝင်းလတ်(ခ)ကုလားဟာ မီတာခ လိုက်လံကောက်ခံနေစဥ် တောင်ငူမြို့ ပေါ်တော်မူဘုရားအနီးမှာ  သေနတ်နဲ့  သုံးချက် ပစ်ခတ်ခံရတာဖြစ်ပါတယ်။ 

ပစ်ခတ်ခံရချိန်မှာ သူနဲ့အတူ စစ်ကောင်စီတပ်က တပ်သား  နှစ်ယောက်ပါ အတူရှိနေပေမဲ့ ပြန်လည်ပြစ်ခတ်မှုမလုပ်ခဲ့ဘဲ  ထွက်ပြေးတိမ်းရှောင်သွားတယ်လို့ သိရပါတယ်။ 

ဒေသခံတယောက်က “သူနာမည်က ကျော်ဝင်းလတ် ၊ ကုလားလို့လည်း ခေါ်ကြတယ်။ သူက အရင်ကတည်းက လျှပ်စစ်၀န်ထမ်း။ CDM မလုပ်ဘဲသူကပဲ ဦးဆောင်ပြီး မီတာပုံးတွေကို လိုက်ဖြုတ်တာ။ တစ်ယောက်တည်းတော့ ဘယ်တော့မှ မသွားဘူး။ သူ မီတာလိုက်ဖြုတ်တာ၊ မီးကြိုးဖြုတ်တာတွေလုပ်ရင် အနည်းဆုံး  စစ်ကောင်စီ တပ်သား ၂ ယောက် ၃ ယောက်တော့ပါတယ်” လို့ ပြောပါတယ်။

ပစ်ခတ်မှု အပြီးမှာတော့  စစ်ကောင်စီတပ်သားတွေ ထပ်မံရောက်ရှိလာပြီး ဒဏ်ရာရသူကို  ဆေးရုံသို့ပို့ဆောင်စဉ် လမ်းမှာ သေဆုံးသွားပုံရတယ်လို့ ဒေသခံက ပြောပါတယ်။

အခုပစ်ခတ်မှုကို ဒေသခံ PDF အဖွဲ့ တဖွဲ့က လုပ်ဆောင်သွားတာလို့ ဒေသခံတွေက ပြောဆိုနေကြပေမဲ့ ဘယ်အဖွဲ့ကမှ သူတို့လက်ချက်လို့ ထုတ်ဖော်ပြောဆိုခြင်းမရှိသေးသလို  DVB အနေနဲ့လည်း သီးခြား အတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up