close

ချဲလ်ဆီးအတွက် ဆုဖလားများ ထပ်ယူပေးသွားမည်ဟု နည်းပြတူချယ်ပြော

ချဲလ်ဆီးအသင်းအတွက် ဆုဖလားတွေထပ်ပြီး ရယူပေးသွားဖို့ ရှိသေးတယ်လို့ နည်းပြတူချယ်က ပြောပါတယ်။ 

ချဲလ်ဆီးအသင်းဟာ မနေ့ညက ကစားသွားခဲ့တဲ့ ပါးမီးယားရက်စ်နဲ့ ဖီဖာကလပ် ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရပြီး ချန်ပီယံဖြစ်ခဲ့ပါတယ်။ 

ပွဲချိန်အတွင်း တစ်ဂိုးစီ သရေကျခဲ့ပြီး အချိန်ပို ၁၁၇ မိနစ်မှာ ခိုင်ဟာဗက်ဇ်ရဲ့ ပင်နယ်တီသွင်းဂိုးနဲ့ အနိုင်ရခဲ့တာပါ။

ချဲလ်ဆီးအသင်းဟာ ဖီဖာကမ္ဘာ့ကလပ်ပြိုင်ပွဲ ဆုဖလားကို အသင်းသမိုင်းတလျှောက် ပထမဆုံးအကြိမ်ရယူနိုင်ခဲ့တာဖြစ်ပြီး  ဆုဖလားအားလုံးရယူနိုင်တဲ့ အသင်းတစ်သင်း ဖြစ်လာခဲ့ပါတယ်။ 

နည်းပြတူချယ်ကတော့ ချဲလ်ဆီးအတွက် ဆုဖလားတွေ ထပ်ပြီးပေးဖို့ရှိသေးပြီး ရပ်တန့်သွားမယ့်အသင်း မဟုတ်ကြောင်း ပွဲအပြီးမှာ ပြောပါတယ်။ 

“ဆုဖလား အားလုံးရယူနိုင်ခဲ့တဲ့အသင်းမှာ အစိတ်အပိုင်းတစ်ခုအနေနဲ့ ပါဝင်ခွင့်ရလို့ အလွန်ပျော်ရွှင်ရပါတယ်။ ပွဲမတိုင်ခင်ကတည်းက ဒီဆုဖလားက ငါတို့အတွက် အခွင့်အရေးပဲလို့ ပြောခဲ့တယ်။ ဒီလိုမျိုး ဆုဖလားတွေနဲ့ အဆုံးသတ်ဖို့က ကျနော်တို့ရဲ့အိပ်မက်ပါပဲ။ နောက်ထပ်ဆုဖလားတွေ ထပ်ရဖို့ရှိသေးပြီး ကျနော်တို့က ရပ်တန့်သွားမယ့်အသင်း မဟုတ်ဘူး။ ဆုဖလားတွေ ရယူနိုင်တာကို ဆက်ပြီးထိန်းသိမ်းသွားချင်တယ်။” 

ချဲလ်ဆီးအသင်းဟာ မတူညီတဲ့ ဥရောဆုဖလား ၃ လုံးကိုလည်း ရယူနိုင်တဲ့ ပထမဆုံးအင်္ဂလိပ်ကလပ်အဖြစ်လည်း မှတ်တမ်းဝင်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up