ဘုတလင်မြို့နယ် သစ်ခဲကျေးရွာသား ၁ ဦးကို စစ်ကောင်စီက ဖမ်းဆီးသတ်ဖြတ်

ဘုတလင်မြိုနယ်၊ သစ်ခဲကျေးရွာက အရပ်သားတစ်ဦးကို စစ်ကောင်စီတပ်က ဖေဖော်ဝါရီ ၁၆ ရက်နေ့ ညပိုင်းမှာ ဖမ်းဆီးပြီး သတ်ပစ်လိုက်တယ်လို့ ဒေသခံရွာသားတွေက ပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ ကနီမြို့နယ်ဘက်ကနေ ဘုတလင်မြို့နယ်ဘက်ကို တရွာဝင်တရွာထွက် စစ်ကြောင်းထိုးနေတာလို့ သစ်ခဲရွာသားတဦးက ပြောပါတယ်။
“ဟုတ်ကဲ့ စခတွေက ကနီဘက်ကနေ ဖေဖော်ဝါရီ ၁၆ ရက်နေ့ မနက်ခင်းပိုင်း ၆ နာရီလောက်က ရုတ်တရက်ဝင်လာတယ်။ ဒေသခံရွာသားတွေ ရှောင်ချိန်မရလိုက်ဘူး။ ညပိုင်းရောက်တော့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ အပစ်အခတ်တော့ နည်းနည်းရှိသေးတယ်။ အဲလိုဖြစ်ပြီး သိပ်မကြာဘူး ရွာကကလေးတစ်ယောက်ကို ဖမ်းသွားတယ်။ ဖမ်းပြီးသတ်ထားခဲ့ကြတာ။ သေတဲ့သူကတော့ အမည်ရင်းတော့ မသိဘူးဗျ။ အများကခေါ်ကြတာတော့ ကိုတောက်တဲ့လိုပဲသိတာ။ သတ်ထားတာကတော့ ရစရာကို မရှိပါဘူးဗျာ။ ရိုက်နှက်ထားလိုက်တာ စိစိညက်ညက်ကိုကြေနေတာပဲ။ ဘယ်ကြောင့် အခုလိုသတ်ရတာလဲဆိုတော့ သူတို့ကို တော်လှန်ရင် ဒါမျိုးအသတ်ခံရမယ်ဆိုတဲ့ အကြောက်တရားထည့်တာပဲ။ ဒါပေမဲ့ဗျာ သူတိုထည့်တဲ့ အကြောက်တရားက ဒေသခံတွေမှာ အကြောက်တရားထက် မခံခြင်စိတ်က ပိုပြင်းထန်လာတယ်။ ကျနော်တို့ ဒီစခတွေကို အနိုင်ရအောင်တိုက်သွားမယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ နယ်မြေစိုးမိုးမှုရအောင် စစ်ကိုင်းတိုင်းအတွင်း ကျေးရွာတွေကို တရွာဝင်တရွာထွက် စစ်ကြောင်းထိုး ရှာဖွေတာတွေ နေ့စဉ်ပြုလုပ်နေပြီး ပြီးခဲ့တဲ့ ဇန်နဝါရီလပိုင်းကလည်း ဘုတလင်မြို့နယ် လယ်တီကျေးရွာက လယ်တောသွား ရွာသားတစ်ဦးကိုဖမ်းဆီးပြီး ဆိုင်ကယ်နဲ့အတူ အရှင်လတ်လတ်မီးရှို့သတ်ခဲ့တယ်လို့ ဒေသခံရွာသားတွေဆီက သိရပါတယ်။