နီပေါ၌ အမေရိကန်အကူအညီ ကန့်ကွက် ဆန္ဒပြသူများကို ရဲကဖြိုခွဲ

နီပေါနိုင်ငံမှာ အမေရိကန်မှ ကူညီထောက်ပံ့ပေးထားတဲ့ အခြေခံအဆောက်အအုံစီမံကိန်းကို ဗုဒ္ဓဟူးနေ့က လူတွေထောင်ချီ ကန့်ကွက်ဆန္ဒပြခဲ့ပြီး၊ ရဲတွေက မျက်ရည်ယိုဗုံး မီးသတ်ပိုက်တွေ အသုံးပြု ဖြိုခွဲခဲ့ပါတယ်။
အမေရိကန်အစိုးရရဲ့ ထောက်ပံ့ရေးအေဂျင်စီဖြစ်တဲ့ The Millennium Challenge Corporation (MCC) အဖွဲ့က လျှပ်စစ်လိုင်းများ တပ်ဆင်ဖို့နဲ့ လမ်းတွေတိုးတက်ဖွံ့ဖြိုးဖို့အတွက် ၂၀၁၇ ခုနှစ်မှာ နီပေါကို ဒေါ်လာ သန်း ၅၀၀ ဂရမ့်ချပေးခဲ့ပါတယ်။ အမေရိကန်ရန်ပုံငွေက ပြန်ဆပ်ရန်မလိုဘဲ နှောင်ကြိုးမဲ့ကူညီမှုပါ။
ဒါပေမဲ့ နီပေါရဲ့ အဓိက နိုင်ငံရေးပါတီကြီးနှစ်ခုကြား အဆိုပါငွေကို လက်ခံသင့်မခံသင့် အငြင်းပွားနေတာပါ။ အတိုက်အခံအချို့က နိုင်ငံခြားငွေကို လက်မခံ၊ နီပေါအကျိုးစီးပွားအတွက်မဟုတ်ဆိုပြီး ကန့်ကွက်နေတာပါ။
ခတ္တမန္တူမြို့မှာ အတိုက်အခံပါတီက ဦးဆောင်ခဲ့တဲ့ ဆန္ဒပြသူ ၃ ထောင်ကျော်ကို ရဲတွေက အင်အားသုံး ဖြိုခွင်းခဲ့ပြီး ၁၂၃ ဦးကို ဖမ်းဆီးခဲ့ပြီး ရဲ ၉ ဦး လည်း ဒဏ်ရာရသွားပါတယ်။
အမေရိကန်သံရုံးကတော့ ဂရန့်ငွေ ဒေါ်လာ သန်း ၅၀၀ ဟာ နီပေါရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက်ဖြစ်ပြီး နှောင်ကြိုးမဲ့ အတိုးမဲ့ ကူညီမှုဖြစ်တာကြောင့် နိုင်ငံဖွံ့ဖြိုးရေးအတွက် ညီညီညွတ်ညွတ် အသုံးပြုသင့်ကြောင်း မှတ်ချက်ပေးပါတယ်။