အင်းတော်က CDM ကျောင်းဆရာမ နှစ်ဦးကို စစ်ကောင်စီ ဖမ်းဆီး

စစ်ကိုင်းတိုင်း အင်းတော်မြို့မှာ ဖေဖော်ဝါရီ ၁၇ ရက် မနက်ပိုင်းက အာဏာဖီဆန်ရေး CDM ပြုလုပ်ထားတဲ့ ကျောင်းဆရာမ နှစ်ဦးကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
CDM ကျောင်းဆရာမ ဒေါ်ခင်လှနဲ့ ဒေါ်ခင်ချိုလှိုင် နှစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက နေအိမ်မှာ လာရောက်ဖမ်းဆီးသွားတာလို့ ဆိုပါတယ်။
ဆရာမတွေနဲ့ နီးစပ်သူတဦးက “ဆရာမ နှစ်ဦးက CDM လုပ်ထားတာကြာပြီ။ မနက် ၉ နာရီ ခွဲလောက်က ဆရာမနှစ်ဦးရဲ့ အိမ်ကို စစ်သားနဲ့ ရဲတွေရောက်လာပြီး မေးစရာရှိလို့လိုက်ခဲ့ပါဆိုပြီး ခေါ်သွားတာ၊ မေးစရာရှိလို့က စကားအဖြစ်ပြောတာပါ ဖမ်းတာပါပဲ” လို့ ပြောပါတယ်။
ဆရာမနှစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အင်းတော်မြို့နယ် မြို့မရဲစခန်းကို ဖမ်းဆီးခေါ်ဆောင်သွားတာလို့လည်း ဆိုပါတယ်။
အင်းတော်မြို့နယ်မှာ စစ်ကောင်စီ အာဏာသိမ်းပြီးကတည်းက CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ ပညာရေးဝန်ထမ်း ၁၂ ဦးထက်မနည်း မတရား ဖမ်းဆီးထိန်းသိမ်းခံထားရတယ်လို့ သိရပါတယ်။