close

စစ်တွေတွင် ယာဉ်မတော်တဆမှုများ ပိုမိုများပြားလာ

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းနဲ့ပတ်သက်ပြီး အသိပညာပေးမှုတွေ မပြုလုပ်သလို ဖမ်းဆီးအရေးယူမှုတွေ အားနည်းတဲ့အတွက် ယာဉ်မတော်တဆမှုတွေ ပိုမို များပြားလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်မှာ ယာဉ်မတော်တဆ ဖြစ်ပွားမှုပေါင်း ၁၉၀ နီးပါးရှိခဲ့ပြီး အဲဒီထဲက ၆ ဦးက သေဆုံးခဲ့ပါတယ်။ အခု ၂၀၂၂ ခုနှစ်ရဲ့ ပထမ တစ်လကျော်အတွင်းမှာတော့ ယာဉ်မတော်တဆမှုပေါင်း ၄၇ ခုဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၂ ဦးရှိခဲ့တယ်လို့လည်း ရခိုင်အခြေစိုက် ပရဟိတ အဖွဲ့အစည်းတစ်ခုက ပြောပါတယ်။

ယာဉ်မောင်းနှင်သူတွေအနေနဲ့ ညဘက်တွေမှာ မီးကြီးဖွင့်မောင်းတာ၊ အဝိုင်းပတ်ယာဉ်တွေကို ဦးစားမပေးတာ၊ မီးနီဖြတ်မောင်းတာနဲ့ မူးယစ်သောက်စားပြီး မောင်းနှင်တာတွေကြောင့် မတော်တဆမှုတွေ ဖြစ်ပွားနေတာလို့ မြို့ခံတွေကပြောပါတယ်။

သက်ဆိုင်ရာ ဌာနတွေအနေနဲ့ မော်တော်ယာဉ်မောင်းနှင်သူတွေကို အသိပညာပေးတာမျိုးတွေ အရေးယူဆောင်ရွက်တာမျိုးတွေ လုပ်ဆောင်စေချင်တယ်လို့ သုံးဘီးယာဉ်မောင်းနှင်သူတစ်ဦးက ပြောပါတယ်။

သက်ဆိုင်ရာဌာနတွေကတော့ ကိုဗစ်ဖြစ်ပွားမှုတွေရှိနေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ယာဉ်စည်းကမ်း လမ်းစည်းကမ်းနဲ့ပတ်သက်လို့ အသိပညာပေး ဟောပြောပွဲတွေကို မလုပ်နိုင်ဘူးလို့ ဆိုပါတယ်။

အခုလို ယာဉ်မတော်တဆမှုတွေ ဖြစ်ပွားနေတာနဲ့ပတ်သက်လို့ သက်ဆိုင်ရာ ယာဉ်ထိန်းရဲတပ်ဖွဲ့ကို  ဆက်သွယ်မေးမြန်းခဲ့ပေမယ့်  ပြန်လည်အကြောင်းပြန်တာ မရှိပါဘူး။

Photo By : ဒေသတွင်း ပရဟိတအဖွဲ့အစည်း

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up