close

ခင်ဦးမြို့နယ် တိုက်ပွဲအတွင်း ဒေသပြည်သူ့ကာကွယ်ရေးတပ်က ၁၂ ဦး ကျဆုံး

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် ကံကြီးကုန်းရွာအနီးမှာ ​ဒေသခံပြည်သူ့ကာကွယ်ရေးတပ်နဲ့ စစ်ကောင်စီတပ်တို့ ဖေဖော်ဝါရီ ၁၇ ရက်နေ့ နေလယ် ၂ နာရီလောက်က တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ခင်ဦး- ရေဦးကားလမ်း မြို့သစ်ရွာနဲ့ ကံကြီးကုန်းရွာကြား လယ်ကွင်းပြင်မှာ ဖြစ်ပွားခဲ့ကာ ပြည်သူ့ကာကွယ်ရေးတပ်ဘက်က ၁၂ ဦး ကျဆုံးပြီး ပျောက်ဆုံးနေသူတွေလည်း ရှိတယ်လို့ ဒေသခံပြည်သူကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

“အဓိကတော့ စစ်ကောင်စီတပ်တွေက အဲဒီတိုက်ပွဲဖြစ်ပွားရာအနီးက ကျေးရွာတစ်ရွာက ဒေသခံတွေရဲ့ ဆန်တွေ၊ ဆီတွေနဲ့ ပစ္စည်းတွေ ကားနဲ့လာတိုက်ယူနေတာကြောင့် ဒေသခံတွေက ရရာလက်နတ်နဲ့ခုခံတိုက်တယ်။ ပြောရရင်တော့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ပေါ့။ အထက်က တာဝန်ရှိသူတွေအနေနဲ့လည်း ဒီတော်လှန်ရေးတိုက်ပွဲအောင်မြင်ချင်တယ်၊ ဒါမှမဟုတ် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ရဲ့ကလေးတွေ အသက်ထပ်မဆုံးရှုံးရအောင် စစ် (-) တွေနဲ့ တူညီတဲ့ လက်နက်တွေ တပ်ဆင်ပေးပါ။ ကျနော်တို့အသက်တွေကို စတေးပြီး ရှေ့တန်းကနေ ရဲရဲ‌တောက်ပွဲဝင်သွားမယ်လို့ ပြောချင်တယ်ဗျ။ ဒီနေ့တိုက်ပွဲမှာ လက်နက်ချင်း မတူပေမဲ့ ကလေးတွေရဲ့ ရဲရင့်တဲ့စိတ်ဓာတ်တွေနဲ့ တော်လှန်သွားကြတာ။ လက်နက်ချင်းမတူတော့ ကျနော်တို့ဘက်ကနေ ၁၂ ဦး ကျဆုံးရတယ်။ ပျောက်ဆုံးနေတဲ့သူတွေလည်းရှိနေသေးတယ်။”

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေနဲ့ PDF တပ်ဖွဲ့ဝင်တွေကို လက်နက်အကောင်းစားမဟုတ်ပေမယ့် တူမီးထက်သာပြီး အော်တိုပစ်လို့ရတဲ့ သေနတ်တွေပြည့်စုံအောင် တပ်ဆင်ပေးဖို့လည်း ဒေသခံပြည်သူကာကွယ်ရေးအဖွဲ့ဝင်က တောင်းဆိုလိုက်ပါတယ်။

အခုဖြစ်ပွားခဲ့တဲ့နေရာမှာ စစ်ကောင်စီအင်အား ၁၀၀ ကျော်ရှိနိုင်တယ်လို့ ခန့်မှန်းပြီး ပြည်သူ့ကာကွယ်ရေးဘက်က စစ်ကောင်စီကို ပစ်ခတ်ခဲ့မယ်ဆိုပါက ကျေးရွာ နဲ့ ဒေသခံပြည်သူတွေ ထိခိုက်မှာစိုးတာကြောင့် ငဲ့ကွက်ခဲ့ရတယ်လို့ ဆိုပါတယ်။

ဒါကြောင့်မို့ နောက်နှောင် စစ်ကောင်စီတပ် စစ်ကြောင်းဝင်လာခဲ့ပါက ဘေးလွတ်ရာကို ပြည်သူတွေအနေနဲ့ လွတ်လွတ်ကင်းကင်းရှောင်ပေးကြဖို့ ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက မေတ္တာရပ်ခံထားတယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up