ပူတာအိုမြို့နယ်တွင်တိုက်ပွဲဖြစ်၊ စစ်ကောင်စီတပ်က ၃ ဦးသေ

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်၊ ဆွမ်ပီယာန်ရွာအနီးက ရှိန်ဂတ်ဘွမ်တောင်မှာရှိတဲ့ စစ်ကောင်စီ ဗျူဟာတပ်စခန်းကို KIA-PDF ပူးပေါင်းတပ်ဖွဲ့တွေက ဖေဖော်ဝါရီ ၁၈ ရက် နေ့လယ် ၂ နာရီလောက်က သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
နေ့လယ် ၂ နာရီကနေ တိုက်ပွဲစတင်ခဲ့ပြီး ညနေ ၄ နာရီအထိ လက်နက်ကြီးတွေအပါအဝင် အပြန်အလှန်ပစ်ခတ်ခဲ့ကြရာမှာ စစ်ကောင်စီဘက်က တပ်ကြပ်တစ်ဦး အပါအဝင် ၃ ဦးသေဆုံးခဲ့ပြီး ၅ ဦး ဒဏ်ရာပြင်းထန်ခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲပြင်းထန်တဲ့အတွက် ရှိန်ဂတ်ဘွမ်အနီးတဝိုက်ရွာတွေဖြစ်တဲ့ မဆီးယန်၊ ဆွမ်ပီယာန်နဲ့ လုံရှာယန်ရွာဒေသခံ ၁၀၀၀ ကျော်ဟာ စစ်ကောင်စီက လေကြောင်းနဲ့ တိုက်ခိုက်လာမှာကို စိုးရိမ်ရတဲ့အတွက် နီးစပ်ရာ ထွက်ပြေးတိမ်းရှောင်နေကြပါတယ်။
ရှိန်ဂတ်ဘွမ်တောင်စခန်းဟာ ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ) ရှေ့တန်းတပ်စခန်းနေရာဖြစ်ခဲ့ပေမယ့် ၂၀၁၉ ခုနှစ်မှာ စစ်ကောင်စီကနေ စစ်အင်အားအများအပြားနဲ့ တိုက်ခိုက်သိမ်းပိုက်ခဲ့တာလို့ သိရပါတယ်။