မြန်မာ-ထိုင်းနယ်စပ်တွင် ကျားသစ်ငယ် ၂ ကောင် ထိုင်းလုံခြုံရေးတပ်ဖွဲ့ ဖမ်းမိ






မြန်မာ-ထိုင်းနယ်စပ် ကရင်ပြည်နယ် မြဝတီခရိုင် ဝေါ်လေမြို့တစ်ဘက်ကမ်း ထိုင်းနိုင်ငံ တာခ်ရိုင်ဖုတ်ဖမြို့မှာ ကျားသစ်ငယ်လေးနှစ်ကောင်ကို ဖေဖော်ဝါရီ ၁၈ ရက်နေ့မှာ ထိုင်းအထူးရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ပါတယ်။
မြန်မာ-ထိုင်းနယ်စပ်မှာ ကိုဗစ်ဗိုင်းရပ်စ်ကူးဆက်မှု များလာတဲ့အတွက် နယ်စပ်ကနေ တရားမဝင် လာသူတွေကို လူကုန်ကူးတာနဲ့ တရားမဝင်မူးယစ်ဆေး သယ်ဆောင်သူတွေကို အထူးလှည့်ကင်း အထူးလုံခြုံရေးတပ်ဖွဲ့တို့က ၂၄ နာရီ လုံခြုံရေးတင်းကျပ် စစ်ဆေးနေရာမှ ကျားသစ်ငယ်လေး နှစ်ကောင်ကို တွေ့ရှိဖမ်းဆီးမိခဲ့တာပါ။
မြဝတီခရိုင် ဝေါ်လေမြို့ တဖက်ကမ်း ထိုင်းဘက်ခြမ်းတောထဲမှာ ထိုင်းအထူးရဲတပ်ဖွဲ့က အသက် ၂ လသား ကျားသစ်နှစ်ကောင်တွေ့ရှိပြီးနောက် အချိန် ၃ နာရီခန့်စောင့်ကြည့်ပေမယ့် မိခင် မပေါ်လာတဲ့အတွက် အခြား အကောင်ကြီး သတ္တဝါတွေ အန္တရာယ်ပြုမှာစိုးလို့ ဖမ်းလာပြီး ဖုတ်ဖမြို့ သစ်တောကာကွယ်ရေးနဲ့ပြန်လည်ထူထောင်ရေးဌာနကို လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။
သစ်တောကာကွယ်ရေးနဲ့ပြန်လှည်ထူးထောင်ရေးဌာနက ၂ လသားကျားသစ်နှစ်ကောင်ကို ကြီးလာတဲ့အထိ မွေးမြူပြီး သဘာ၀တောတွင်း ပြန်လွှတ်ပေးသွားမယ်လို့ ဖုတ်ဖမြို့ သစ်တောကာကွယ်ရေးနဲ့ပြန်လည်ထူထောင်ရေးဌာန ဦးစီးမှူး နိုင်ကျန်ထဝ က ပြောပါတယ်။
အခုဖမ်းဆီးမိခဲ့တဲ့ ကျားသစ်အမျိုးအစားဟာ အိန္ဒိယ၊ မြန်မာနဲ့ ထိုင်းနိုင်ငံတို့မှာရှိပြီး ရေမြေ သစ်တောထူထပ်တဲ့ ဒေသတွေမှာ အနေများကြတယ်လို့ ဆိုပါတယ်။