close

ဘောလ်တစ် ၃ နိုင်ငံနှင့်အတူ ရပ်တည်မည်ဟု အမေရိကန်ပြော

လစ်သူယေးနီးယားနိုင်ငံကို ရောက်ရှိနေတဲ့ အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုဒ်အော်စတင်က အမေရိကန်အစိုးရဟာ ဘောလ်တစ်နိုင်ငံ ၃ နိုင်ငံနဲ့ အတူရပ်သွားမယ်လို့ ရုရှားသမ္မတပူတင်ကို ပြတ်ပြတ်သားသား သတိပေးခဲ့ပါတယ်။ 

အော်စတင်က လစ်သူယေးနီးယားနိုင်ငံခြားရေးဝန်ကြီးနဲ့ ပူးတွဲသတင်းစာရှင်းလင်းရာမှာ  “လစ်သူယေးနီးယား၊ အက်စတိုးနီးယား၊ လတ်ဗီးယားတို့က ကျနော်တို့ရဲ့မဟာမိတ်တွေဖြစ်ပြီး သူတို့နဲ့ ပြတ်ပြတ်သားသားရပ်သွားမယ်ဆိုတာ သမ္မတပူတင်ကို အသိပေးလိုပါတယ်”လို့ ပြောခဲ့တာပါ။ 

ဒါပေမဲ့ အော်စတင်က “သမ္မတပူတင်အနေနဲ့ ပဋိပက္ခကို ထိပ်တိုက်မတိုးဘဲ တခြားလမ်းကြောင်းတွေ ရွေးချယ်နိုင်ပါတယ်၊ သံတမန်နည်းနဲ့ ဖြေရှင်းဖို့ အမေရိကန်နဲ့မဟာမိတ်တွေက ကမ်းလှမ်းနေပါတယ်၊ အန္တရာယ်ခြောက်ကမ်းပါးကနေ အမြန်ဆုံးနောက်ဆုတ်ဖို့ တိုက်တွန်းပါတယ်” လို့ ပြောပါတယ်။

အော်စတင်က ယူကရိန်းအနီး ရုရှားချထားတဲ့ တပ်ဖွဲ့စာရင်းတွေကို စာရင်းနဲ့ဖော်ပြခဲ့ပြီး အချိန်မရွေး ယူကရိန်းကို တိုက်ခိုက်လာနိုင်တယ်လို့ သတိပေးခဲ့ပါတယ်။

လစ်သူယေးနီးယားနိုင်ငံခြားရေးဝန်ကြီးက ဘောလ်တစ်နိုင်ငံတွေကို ရုရှားတိုက်ခိုက်လာရင် ကာကွယ်ဖို့ အသင့်အနေထားရှိတယ်လို့ ပြောခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up