ရုရှားနှင့် ဘဲလာရုစ် ပူးတွဲစစ်ရေးလေ့ကျင့်မှု သက်တမ်းတိုး

ဖေဖော်ဝါရီ ၂၀ ရက်မှာ ပြီးဆုံးရမယ့် ရုရှား၊ ဘဲလာရုစ် ပူးတွဲစစ်ရေးလေ့ကျင့်မှုကို သက်တမ်းတိုးမယ်လို့ ဘဲလာရုစ် ကာကွယ်ရေးဝန်ကြီး ဗစ်တာခရီနင်က ပြောတဲ့ ရုပ်သံကို ဘဲလာရုစ် ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်လွှင့်လိုက်ပါတယ်။
ယူကရိန်းကို ကျူးကျော်ဖို့ အလားအလာမှာ အသုံးပြုနိုင်တဲ့ တပ်တွေကို ရုရှားက အမြန်ပြန်ဆုတ်မယ့် အနောက်နိုင်ငံတွေရဲ့ မျှော်လင့်ချက် ထိခိုက်ခဲ့တာပါ။
ရုရှားတပ်တွေ ဘဲလာရုစ်မှာ ဘယ်လောက်ကြာကြာနေမယ်ဆိုတာကို ဝန်ကြီးဌာနက မပြောပါဘူး။
ယူကရိန်းနိုင်ငံမြောက်ပိုင်းက ဘဲလာရုစ်နိုင်ငံထဲမှာ ရုရှားစစ်သည်အင်အား သုံးသောင်းလောက် ရှိတယ်လို့ နေတိုးစစ်ရေးမဟာမိတ်အဖွဲ့က ခန့်မှန်းထားပါတယ်။
ရုရှားနဲ့ ဘဲလာရုစ် နယ်စပ်နားမှာ စစ်ရေးလှုပ်ရှားမှု တိုးနေပြီး ယူကရိန်းအရှေ့ပိုင်း ဒွန်ဘတ်စ် ဒေသမှာ အခြေအနေ ပိုတင်းမာနေတာကြောင့် စစ်ရေးလေ့ကျင့်တာကို သက်တမ်းတိုးခဲ့တာလို့ ဘဲလာရုစ် စစ်တပ်က ကြေညာချက် ထုတ်ပြန်ပြောဆိုပါတယ်။
သင်တန်းရဲ့ အစောပိုင်းအဆင့်တွေမှာ အပြည့်အဝ မခြုံငုံမိတဲ့ ကာကွယ်ရေးနယ်ပယ်တွေကို နောက်အဆင့်မှာ ရင်ဆိုင်ကိုင်တွယ်မယ်လို့ ဘဲလာရုစ် ကာကွယ်ရေးဝန်ကြီး ဗစ်တာခရေနင်က ပြောပါတယ်။
ရုရှားဆီက မှတ်ချက်တော့ မထွက်လာသေးပေမဲ့ လောလောဆယ်မှာ ယူကရိန်းနိုင်ငံမြောက်ပိုင်း အရှေ့ပိုင်းနဲ့ တောင်ပိုင်းတွေမှာ စစ်သည်အင်အား်၁ သိန်းခွဲကျော် တပ်ချထားတယ်လို့ အနောက်နိုင်ငံတွေက ခန့်မှန်းထားပါတယ်။
ဒါကြောင့် နေတိုးအဖွဲ့က ဥရောပအရှေ့ပိုင်းကို တပ်ကူတွေ စေလွှတ်တပ်ချခဲ့တာပါ။
ယူကရိန်းကို ကျူးကျော်ဖို့ စစ်ရေးပြင်ဆင်နေတယ်ဆိုတဲ့ စွဲချက်ကို ရုရှားအစိုးရက ငြင်းပြီး အမေရိကန်နဲ့ မဟာမိတ်တွေက စစ်ရေးတင်းမာမှုတွေ ဖြစ်လာအောင် တက်သုတ်ရိုက် တွန်းအားပေးနေတယ်လို့ ပြန်လှန်ငြင်းခုံထားပါတယ်။
အသံထက်မြန်တဲ့ ဒုံးကျည်တွေ၊ ခရုဇ်ဒုံးကျည်တွေ ပစ်လွှတ်လေ့ကျင့်တာ အပါအဝင် ဗျူဟာမြောက် နျူကလီးယား စစ်ရေးလေ့ကျင့်မှုတွေကို ရုရှားသမ္မတကိုယ်တိုင် စောင့်ကြည့် လေ့လာနေချိန် ဖေဖော်ဝါရီ ၁၉ ရက်က ဘဲလာရုစ် သမ္မတလည်း ပူတင်နဲ့အတူ ထိုင်ကြည့်ခဲ့လို့ ရုရှားနဲ့ ဘဲလာရုစ် ကြားက နီးကပ်တဲ့ မဟာမိတ်ဖြစ်တည်မှုကို ပြသခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။