ရုရှားက ကျူးကျော်လာနိုင်သဖြင့် အမေရိကန် အကူအညီပိုလိုအပ်ဟု ယူကရိန်းသမ္မတပြော

ရုရှားက အခုရက်ပိုင်းတွေအတွင်း ယူကရိန်းနိုင်ငံကို ကျူးကျော်လာနိုင်ပြီး တိုင်းပြည်အတွက် ငြိမ်းချမ်းရေးရှာဖွေနေကာ အမေရိကန်အကူအညီ ပိုလိုအပ်တယ်လို့ ယူကရိန်းသမ္မတက ပြောပါတယ်။
ဖေဖော်ဝါရီ ၁၉ ရက်က ကျင်းပတဲ့ ဂျာမဏီနိုင်ငံ မြူးနစ်လုံခြုံရေးကွန်ဖရင့်မှာ ယူကရိန်း သမ္မတ ဗိုလော့ဒီမာဇယ်လန်းစကီးက အမေရိကန်ဒုသမ္မတ ကာမလာဟဲရစ်ကို အခုလို ပြောကြားခဲ့တာပါ။
အမေရိကန်ဒုသမ္မတ “အခုချိန်ဟာ ကမ္ဘာ့သမိုင်းအတွက် အဆုံးအဖြတ်ကာလဖြစ်ပြီး အမေရိကန်ပြည်ထောင်စုက ယူကရိန်းရဲ့ အချုပ်အခြာအာဏာနဲ့ နယ်မြေတည်တံ့မှုကို အလေးအနက်ထားပြီး အတူရပ်တည်ပါတယ်။ ရုရှားက ယူကရိန်းကို ကျူးကျော်လာမယ်ဆိုရင် အမေရိကန်နဲ့ မဟာမိတ်တွေအားလုံးက တညီတညွတ်တည်း အားလုံး စီးပွားရေးပိတ်ဆို့ အရေးယူသွားမယ်၊ တသံတည်းထွက်ပြီး ကူညီသွားမယ်” လို့ ပြောပါတယ်။
ယူကရိန်းသမ္မတ ဇယ်လန်းစကီးက သံတမန်နည်းလမ်းနဲ့ အဖြေရှာမှုကို လုံးဝသဘောတူပေမဲ့ ယူကရိန်း စစ်တပ်အတွက် အမေရိကန်ကူညီမှု လုံးဝလိုအပ်ကြောင်း ပြောကြားခဲ့ပါတယ်။
ယူကရိန်းအရှေ့ဘက်ခြမ်းမှာ ရုရှားကို ထောက်ခံတဲ့ ခွဲထွက်လိုသူတွေကို လှုံ့ဆော်ဖို့ ကြေးစား စစ်သားတွေ ဝင်ရောက်နေပြီး ရုရှားက ပံ့ပိုးပေးထားကာ လှုံ့ဆော်ရေးတွေ လုပ်လာနေတာပါ။
ရုရှားက ယူကရိန်းကို တိုက်ခိုက်ဖို့ အကြောင်းရှာတဲ့အနေနဲ့ ယူကရိန်းအရှေ့ဘက်ခြမ်းမှာ အရပ်သား ခွဲထွက်ရေးလိုလားသူတွေ သေဆုံးမှုရှိအောင် ဖန်တီးနေတယ်လို့ ဆိုပါတယ်။