close

YBS 42 ယာဉ်ပေါ် အုပ်စုဖွဲ့ ဓားပြတိုက်မှုဖြစ်ပွား

ရန်ကုန်မြို့အတွင်း ပြေးဆွဲနေတဲ့ YBS 42 ယာဉ်ပေါ်မှာ မနေ့က ဖေဖော်ရီ  ၂၂ ရက် မွန်းတည့် ၁၂ နာရီဝန်းကျင်လောက်က အုပ်စုဖွဲ့ဓားပြတိုက်မှု ဖြစ်ပွားခဲ့ပါတယ်။ 

ဓားကိုင်ဆောင်ထားတဲ့ ဓားပြအဖွဲ့က ယာဉ်မောင်းကို ခြိမ်းခြောက်ပြီး ယာဉ်မောင်းနဲ့ ခရီးသည်တချို့ရဲ့  ရွှေ၊ ငွေနဲ့ ဖုန်းတွေကို အတင်းအဓမ္မယူဆောင်သွားတယ်လို့ သိရပါတယ်။

YBS 42 ယာဉ်က သာကေတနဲ့ မြောက်ဥက္ကလာပမြို့နယ်‌တွေကို ဖြတ်ပြီး ရွှေပြည်သာကို ပြေးဆွဲနေတဲ့ ယာဉ်လိုင်းတစ်ခုဖြစ်ပြီး ကားပေါ်မှာ ဓားကိုင်လုယက်သူတွေက ခရီးစဉ်အစကတည်းက ပါလာတာလို့ ခရီးသည်တစ်ဦးက ပြောပါတယ်။

ခရီးစဉ်တစ်ဝက်ကျော် မြောက်ဥက္ကလာပမြို့နယ်၊ ကန်သာယာလမ်းဆုံအနီးမှာရှိတဲ့ သုဓမ္မာလမ်းမကြီးပေါ်က အိန္ဒြာမှတ်တိုင်အရောက်မှာ ဓားပြတွေက အသင့်ပါလာတဲ့ ဓားတွေနဲ့ ခြိမ်းခြောက်ပြီး ပစ္စည်းတွေ လုယူခဲ့ကြတာလို့ ဆိုပါတယ်။

မျက်မြင်သက်သေတဦးက “ကားပေါ်က ပြေးဆင်းသွားတဲ့ ဓားပြက သုံးယောက်၊ သူတို့လက်ထဲမှာ ဓားတွေနဲ့။ ဒီမှတ်တိုင်အနီးမှာ ခဏခဏ လုယက်မှုတွေလည်းရှိတယ်။ ကားပေါ်မှာ  ခရီးသည် ၁၁ ယောက်လောက်ပဲ ကျန်တော့တာဖြစ်ပြီး ပြန်လည်ခုခံဖို့ အဆင်မပြေတဲ့သူတွေလောက်ပဲ ကျန်ခဲ့တာ။ အခွင့်ကောင်းကိုစောင့်ပြီး ကားပေါ်မှာ ခရီးသည်နည်းတုန်း လုပ်သွားတာ၊ လူများရင် အဲ့ကောင်တွေ မလုပ်ရဲဘူး” လို့ ပြောပါတယ်။

YBS ယာဉ်မောင်းသမားရဲ့ ပိုက်ဆံတွေနဲ့ ခရီးသည်အချို့ရဲ့ ဖုန်းတွေ၊ ရွှေတွေ လုယက်ခံလိုက်ရတယ်လို့ သိရပါတယ်။ 

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ရန်ကုန်တိုင်းအတွင်း YBS ယာဉ်လိုင်းတွေပေါ်မှာ ခါးပိုက်နှိုက် လုယက်မှုတွေ အရင်ကထက် ပိုမိုများပြားလာပြီး အခုလို ဓားပြမှုကတော့ ပထမဆုံးအကြိမ် ဖြစ်ပွားခဲ့တာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up