ယူကရိန်းအရှေ့ဘက်ခြမ်းကို ရုရှား ကျူးကျော်မှု G-7 နိုင်ငံခြားရေးဝန်ကြီးများ ဆွေးနွေး

ကမ္ဘာ့အချမ်းသာဆုံး ဒီမိုကရေစီအင်အားကြီး G-7 နိုင်ငံတို့မှ နိုင်ငံခြားရေးဝန်ကြီးတွေဟာ ဖေဖော်ဝါရီ ၂၂ ရက်နေ့က ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာတွေ့ဆုံပြီး ယူကရိန်းအရှေ့ဘက်ခြမ်းထဲ ရုရှားကျူးကျော်မှုအတွက် အရေးပေါ် စည်းဝေးခဲ့ပါတယ်။
ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ဂျပန်၊ ဗြိတိန်နဲ့ အမေရိကန်တို့ ပါဝင်တဲ့ G7 ဝန်ကြီးတွေက ဥရောပသမဂ္ဂနဲ့ ပူးပေါင်းပြီး ရုရှားအစိုးရကို အပြင်းထန်ဆုံး စီးပွားရေးပိတ်ဆို့အရေးယူသွားဖို့ ဆွေးနွေးခဲ့ကြတာပါ။
ဥရောပသမဂ္ဂက ပူတင်အစိုးရအနေနဲ့ ယူကရိန်းကို ကျူးကျော်ခဲ့ရင် စီးပွားရေးပိတ်ဆို့မှု ပုံအောလုပ်ပြီး ရုရှားအနေနဲ့ ကြီးမားတဲ့အကျိုးဆက်တွေ ကြုံတွေ့ရစေမယ်လို့ သတိပေးထားတာပါ။
ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး ယန်ကက်စတက်ကလည်း ယူကရိန်းအရှေ့ဘက် ခွဲထွက်ဒေသနှစ်ခုကို ဖေဖော်ဝါရီ ၂၁ ရက်နေ့က ရုရှားတပ်တွေ စေလွှတ်တာဟာ နိုင်ငံတကာဥပဒေကို ချိုးဖောက်တာ၊ ရုရှား လက်မှတ်ရေးထိုးထားတဲ့ Minsk စာချုပ်ကို ဖောက်ဖျက်တာလို့ ပြောပါတယ်။