close

အာဏာခွဲဝေမှုကိစ္စ ဝေဖန်နေသူများကို ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန် ပြစ်တင်

Photo Credit- Samdech Hun Sen PM

ငြိမ်းချမ်းရေးအတွက် လမ်းစတခုအဖြစ် မြန်မာနိုင်ငံမှာ အာဏာခွဲဝေမှုလုပ်ဖို့ဆိုတဲ့ အသုံးအနှုန်းအပေါ် ဝေဖန်နေတာနဲ့ ပတ်သက်ပြီး  ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က ပြစ်တင် ရှုတ်ချလိုက်ပါတယ်။

ဖေဖော်ဝါရီ ၂၂ ရက်က ဖနွမ်းပင်မြို့ မန်ချောခရိုင်ရှိ ဖွင့်ပွဲ အခမ်းအနားတခုကို တက်ရောက်ရင်း ဟွန်ဆန်က ပြောကြားခဲ့တာလို့ ဖနွမ်ပင်ပို့စ် သတင်းစာမှာ ရေးသားဖော်ပြပါတယ်။ 

မြန်မာနိုင်ငံမှာ အာဏာခွဲဝေမှုကို အကြံပြုခဲ့တယ်ဆိုပြီး ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် နိုလင်းဟေဇာအပေါ် တရားမျှတမှုမရှိ အပြင်းအထန် ဝေဖန်ခံနေရတဲ့အပေါ် ဟွန်ဆန်က  ထပ်ပြီး အလေးပေးပြောဆိုသွားပါတယ်။ 

“စစ်တပ်ရဲ့ အာဏာဟာ သူတို့ရဲ့ အခြေခံဥပဒေမှာ ထည့်သွင်းထားခဲ့တာ။ ဒါဆိုရင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ်က မြန်မာနိုင်ငံမှာ အာဏာခွဲဝေမှုအကြောင်း ပြောတာကို ဘာလို့ ဝေဖန်မှုတွေခံနေရတာလဲ” လို့ ဟွန်ဆန်က ပြောပါတယ်။ 

အစွန်းရောက်အုပ်စုတစု ပေါ်လာလိမ့်မှာဖြစ်ပြီး ဒီအုပ်စုဟာ မြန်မာနိုင်ငံမှာ စစ်ပွဲကို ရှည်ကြာစေလိမ့်မယ်လို့လည်း ဟွန်ဆန်က ပြောပါတယ်။

“တချို့လူတွေက မြန်မာပြည်ပြဿနာကို ၁၂ လလောက်နဲ့ ကျနော့်ကို ဖြေရှင်းစေချင်ကြတယ်။ ကျနော်တို့ ဘယ်လိုလုပ်ပြီး ဒီလိုဖြေရှင်းနိုင်မလဲ။ တချိန်တည်းမှာပဲ တချို့က ကျနော့်ကို မဖြေရှင်းစေချင်ကြပြန်ဘူး။”

လူတွေပြောနေတာကို ဂရုမစိုက်တဲ့အကြောင်း၊ မြန်မာ့မိတ်ဆွေ နိုင်ငံတနိုင်ငံအနေနဲ့၊ အာဆီယံအဖွဲ့ဝင်နိုင်ငံတနိုင်ငံအနေနဲ့၊ လက်ရှိ အာဆီယံဥက္ကဋ္ဌ အားထုတ်ကြိုးပမ်းမှုတွေ ဆက်လုပ်မယ်၊ အာဆီယံ အထူးကိုယ်စားလှယ် ပရတ်ဆာခွန်း သူ့တာဝန် ဆက်လုပ်နိုင်အောင် တွန်းအားဆက်ပေးသွားမယ်လို့လည်း ဝန်ကြီးချုပ်က ပြောပါတယ်။

အကြမ်းဖက်မှုတွေ ဆက်ရှိနေရင် လျှော့ချဖို့ ကြိုးစားမယ်၊ မြန်မာနိုင်ငံကို ခက်ခဲတဲ့ အချိန်ကာလကနေ ရုန်းထွက်လာနိုင်စေဖို့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေနဲ့အတူ အထူးသဖြင့် ဂျပန်နိုင်ငံတို့ ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ မြန်မာနိုင်ငံအတွက် စေ့စပ်ညှိနှိုင်းရေးနဲ့ အကူအညီတွေ ပံ့ပိုးပေးနိုင်ဖို့ ဆက်လက်ကြိုးပမ်းသွားမယ်လို့လည်း ဟွန်ဆန်က ပြောကြားခဲ့ပါတယ်။  

CNA သတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ အာဏာခွဲဝေမှုဆိုတဲ့ အသုံးအနှုန်းပတ်သက်ပြီး ဒေါက်တာနိုလင်းဟေဇာက ဝေဖန်ခံနေရတာ ဖြစ်ပါတယ်။   ဒေါက်တာနိုလင်းဟေဇာကတော့ ကုလသမဂ္ဂ အထူးသံတမန်တဦးအနေနဲ့  မြန်မာနိုင်ငံမှာ အာဏာခွဲဝေမှုလုပ်ဖို့ လုံးဝ ပြောဆိုခဲ့တာ မရှိဘူးလို့ ဒီဗွီဘီက  မေးမြန်းရာမှာ ဖြေကြားထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up