အိန္ဒိယဝန်ကြီးချုပ် လုံခြုံရေးအစည်းအဝေး ခေါ်ယူကျင်းပ

ရုရှားက ယူကရိန်းကို ဖေဖော်ဝါရီ ၂၄ ရက်က ကျူးကျော်စစ်စတင်ပြီးနောက် အိန္ဒိယဝန်ကြီးချုပ် နရင်ဒြာမိုဒီဟာ လုံခြုံရေးအတွက် အစိုးရအဖွဲ့အစည်းအဝေးကို ခေါ်ယူကျင်းပခဲ့ပါတယ်။
မိုဒီနဲ့အတူ ပြည်ထဲရေးဝန်ကြီး အာမစ်ရှားနဲ့ ကာကွယ်ရေးဝန်ကြီး ရတ်ဂျ်နာ့သ် ဆင်းဂ်တို့လည်း နယူးဒေလီမြို့တော်မှာ ကျင်းပတဲ့ အစည်းအဝေးကို သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။
ရုရှားက ယူကရိန်းကို ကျူးကျော်အပြီး ယူကရိန်းနိုင်ငံထဲမှာ ရှိနေတဲ့ အိန္ဒိယကျောင်းသား အယောက် ၂၀၀ ကျော်ကို မြို့တော် ကိယက်ဗ်မှာရှိတဲ့ အိန္ဒိယသံရုံးနားက ကျောင်းတကျောင်းမှာ နေရာထိုင်ခင်းပေးဖို့ ယူကရိန်းနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးက စီစဉ်နေတယ်လို့ သူတို့ရဲ့ တွစ်တာ လူမှုကွန်ရက်ကနေ တင်ထားတဲ့ ရုပ်သံတွေက ဆိုပါတယ်။
ဖေဖော်ဝါရီ ၂၄ ရက်နေ့က ရုရှားဟာ ယူကရိန်းကို ကြည်း၊ ရေ၊ လေ ဘက်စုံကနေ ကျူးကျော်ခဲ့တာပါ။
ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်က ယူကရိန်းအရှေ့ပိုင်းကို အထူးစစ်ဆင်ရေးဆင်နွှဲဖို့ အမိန့်ချအပြီး ရုရှစစ်တပ်ဟာ ယူကရိန်းနိုင်ငံထဲက မြို့အတော်များများကိုလည်း မစ်ဇိုင်း ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့သလို ယူကရိန်း ကမ်းရိုးတန်းကနေလည်း ရုရှားစစ်တပ်တွေ ကမ်းတက် ကျူးကျော်ခဲ့ကြပါတယ်။