ရုရှားတိုက်လေယာဉ်ကို ယူကရိန်းပစ်ချ၊ ယူကရိန်းဒုတိယမြို့တော်၌ တိုက်ပွဲ ပြင်းထန်

ယူကရိန်းမြို့တော် ကိယက်ဗ်မြို့ပေါ် ပျံလာတဲ့ ရုရှားတိုက်လေယာဉ်ကို ယူကရိန်းတပ်တွေက ဖေဖော်ဝါရီ ၂၄ ရက် မနက်မှာ ပစ်ချနိုင်ခဲ့ပါတယ်။
လေယာဉ်အမျိုးအစားကိုတော့ အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။ အရုဏ်ဦးကတည်းက တမြို့လုံး ပေါက်ကွဲသံတွေ အများအပြား ကြားနေရတာပါ။
ရုရှားတပ်တွေက အင်အားအပြည့်သုံးပြီး ကျူးကျော်လာနေတာကြောင့် ကိယက်ဗ်မြို့မှာ သေဆုံးသူ ဒဏ်ရာရာသူ ရာကျော် ရှိနေပါတယ်။
အလားတူ ယူကရိန်း ဒုတိယမြို့တော် ခါရ်ကိဗ်ရဲ့ မြို့ပတ်လမ်းမှာ ဖေဖော်ဝါရီ ၂၅ ရက် မနေ့ ညနေပိုင်းက ယူကရိန်းတပ်တွေနဲ့ ရုရှားတပ်တွေ ထိပ်တိုက်တိုးပြီး တိုက်ပွဲပြင်းထန်ခဲ့နေပါတယ်။
တိုက်ပွဲငြိမ်သွားတဲ့နောက် မီးလောင်ကျွမ်းနေတဲ့ တင့်ကားတစီးနဲ့ ရုရှားစစ်သားတဦးအလောင်းကို ရိုက်တာသတင်းဌာနက ဓာတ်ပုံရိုက်ယူနိုင်ခဲ့ပါတယ်။
ရုရှားနဲ့ နယ်စပ်ရှည်လျားတဲ့ ခါရ်ကိဗ်၊ ခါဆန်၊ အိုဒေဆာ ဒေသတွေမှာ နှစ်ဖက် တိုက်ပွဲတွေက ကြောက်မက်ဖွယ် ပြင်းထန်နေတာပါ။