ဘယ်လ်ဂျီယံရောက် ယူကရိန်းနိုင်ငံသားများ နေတိုးဌာနချုပ်ရှေ့ ဆန္ဒပြ

ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့မှာ နေထိုင်တဲ့ ယူကရိန်းလူမျိုးတွေက နေတိုးအဖွဲ့ဌာနချုပ်ရှေ့မှာ ဖေဖာ်ဝါရီ ၂၅ ရက်က ရုရှားကျူးကျော်မှုကို အကာကွယ်အမြန်ဆုံးပေးဖို့ ဒေါသသံတွေနဲ့ ဆန္ဒပြခဲ့ကြတာပါ။
ယူကရိန်းမြို့တော် ကိယက်ဗ်ပေါ်ကို ရုရှားမစ်ဇိုင်းဒုံးကျည်တွေ တဝုန်းဝုန်း ကျရောက်နေခိုက်မှာ နေတိုးအဖွဲ့ အတွင်းရေးမှူးချုပ် ယန်းစတိုတန်ဘဂ်နဲ့ အဖွဲ့ဝင်နိုင်ငံခေါင်းဆောင်တချို့ အစည်းဝေးလုပ်နေပါတယ်။ အဲဒီအချိန်မှာ ဆန္ဒပြသူတွေက နေတိုးတပ်တွေ ဝင်ရောက်ကူညီဖို့ ဆန္ဒပြခဲ့တာပါ။
ဆန္ဒပြသူတဦးက “လွန်ခဲ့တဲ့ ၈ နှစ်ကတည်းက ယူကရိန်းကို နေတိုးအဖွဲ့ ပြတ်ပြတ်သားသား အကူညီပေးဖို့ တောင်းဆိုလာတာပါ။ သူတို့ ကူညီတာ အားနည်းလွန်းပါတယ်။ သတိထားလွန်းတယ်။ အခုက စောင့်ကြည့်နေရမယ့် အချိန်မဟုတ်ဘူး”လို့ ပြောပါတယ်။
နောက်တဦးကလည်း နေတိုးနဲ့ ကုလသမဂ္ဂက No-fly zone လုပ်ပြီး ကူညီဖို့ ပြောပါတယ်။ ကြာသာပတေးနေ့ကစပြီး ရုရှားက ယူကရိန်းရဲ့ အရှေ့၊ တောင်နဲ့ မြောက် သုံးဘက်ကနေ စစ်ဆင်ခဲ့တာပါ။