close

ပြည်သူလူထုအတွက် ရဟတ်ယာဉ်ဝယ်ယူခဲ့မှုအတွက် နိုင်ငံခေါင်းဆောင်များကို ရုံးထုတ်စစ်ဆေး

ပြည်သူတွေအတွက် သဘာဝဘေးကယ်ဆယ်ရေး ရဟတ်ယာဉ်ဝယ်ယူခဲ့တာနဲ့ ပတ်သက်ပြီး သမ္မတဦး၀င်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ အပေါ် စစ်ကောင်စီက စွဲဆိုထားတဲ့ အဂတိအမှု ၅ မှုကို မတ်လ ၁ ရက် ဒီကနေ့ နေပြည်တော်တရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းကနေ သိရပါတယ်။

ဒီနေ့ရုံးချိန်းမှာ တရားလိုဖြစ်တဲ့ စစ်ကောင်စီ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဦးအောင်ခန့်ကို အမှု ၅ မှုလုံးအတွက် ဆက်လက်စစ်ဆေးခဲ့ပြီး နောက်ရုံးချိန်းမှာ အပြန်လှန်စစ်မေးမယ်လို့ သိရပါတယ်။

ဒါအပြင် ပြီးခဲ့တဲ့ရုံးချိန်းမှာ တရားလိုဘက်က သက်သေခံထပ်မံတင်သွင်းထားတာကို ဒီနေ့ရုံးချိန်းမှာ တရားရုံးက လက်ခံကြောင်း အမိန့်ချလိုက်တယ်လို့လည်း တရားရုံးနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီက နိုင်ငံတော်သမ္မတ ဦး၀င်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ လူကယ်ပြန်ဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာ၀င်းမြတ်အေးတို့ကို ၂၀၂၁ ခုနှစ်အတွင်းမှာ သဘာဝဘေးအန္တရာယ် ကာကွယ်ရေး လုပ်ငန်းတွေ ဆောင်ရွက်တာမှာအသုံးပြုဖို့ ရဟတ်ယာဉ်တစ်စီး ဝယ်ယူ၊ ငှားရမ်းတာ၊ သက်တမ်း တိုးတာ၊ ပြုပြင်ထိန်းသိမ်းတာတွေနဲ့ပတ်သက်ပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ နဲ့ တရားစွဲ ထားတာဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up