ယူကရိန်းကစားသမားများ၏ ဝေဖန်မှုကို ရုရှားအသင်းခေါင်းဆောင် ပြန်လည်တုံ့ပြန်

ရုရှား-ယူကရိန်းအရေးနဲ့ ပတ်သက်ပြီး ယူကရိန်း လက်ရွေးစင်ဘောလုံးသမားတွေရဲ့ ဝေဖန်မှုကို ရုရှားအသင်းခေါင်းဆောင် ဒီဇူဘာက ပြန်လည်တုံ့ပြန်သွားပါတယ်။
ယူကရိန်းနိုင်ငံကို ရုရှားနိုင်ငံက ကျူးကျော်လာမှုအပေါ် ရုရှားအသင်းခေါင်းဆောင်နဲ့ အသင်းဖော်တွေက နှုတ်ဆိတ်နေပြီး ကန့်ကွက်ရှုတ်ချခြင်းမရှိတဲ့အပေါ် အဲဗာတန် နောက်ခံလူ မိုင်ကိုလန်ကို နဲ့ မန်စီးတီးနောက်ခံလူ ဇင်ချန်ကိုတို့က ဝေဖန်ပြစ်တင်ခဲ့ပါတယ်။
ရုရှားအသင်းခေါင်းဆောင် ဒီဇူဘာကတော့ သူ့ကိုဝေဖန်တဲ့ ယူကရိန်း ကစားသမား ၂ ဦးဟာ အင်္ဂလန်က အကောင်းစားအိမ်ကြီးတွေမှာ နေထိုင်ပြီး မနှစ်မြို့စရာစကားတွေ ပြောနေတာလို့ ပြန်လည်ဝေဖန်ခဲ့တာပါ။
ယူကရိန်းမှာ ဖြစ်ပေါ်နေတဲ့ ဖြစ်ရပ်တွေနဲ့ပတ်သက်ပြီး အဆုံးသတ်ရောက်ချိန်အထိ မှတ်ချက်မပေးချင်ကြောင်း၊ ဒါဟာ ကြောက်ရွံ့တဲ့စိတ်ကြောင့် မဟုတ်ဘဲ နိုင်ငံရေးမှာ ကျွမ်းကျင်သူ မဟုတ်တာကြောင့်ဖြစ်တယ်လို့ ရုရှားအသင်းခေါင်းဆောင်က အင်စတာဂရမ်ကနေ ရေးသားခဲ့ပါတယ်။
ဒါပေမဲ့ စစ်ပွဲတိုင်းကို ဆန့်ကျင်ပြီး စစ်ပွဲတွေဟာ ကြောက်စရာကောင်းတဲ့အရာ ဖြစ်တယ်လို့ ဒီဇူဘာက ပြောပါတယ်။
“ယူကရိန်းအရေးကိစ္စ မပြောချင်ဘူးဆိုပေမယ့် ငါ့မှာလည်း ကိုယ်ပိုင်အမြင်တွေ ရှိတယ်။ ဒီကိစ္စကို ဘက်ပေါင်းစုံကနေ ထုတ်ဖော်ပြောဆိုဖို့ ရှိလာတဲ့အတွက် ပြောပြပါမယ်။ ငါက ဘယ်လို စစ်ပွဲမျိုးမဆို ဆန့်ကျင်တယ်။ စစ်ပွဲက ကြောက်စရာကောင်းတဲ့အရာပါ။ ဒါပေမဲ့ နေ့စဉ်နဲ့အမျှ ဆိုးရွားမှုတွေ ဖြစ်လာစေတဲ့ လူတွေရဲ့ မုန်းတီးမှုတွေနဲ့ ရန်လိုမှုတွေကိုလည်း ဆန့်ကျင်ပါတယ်။”
ယူကရိန်းအပေါ် ရုရှားရဲ့ ကျူးကျော်စစ်ဆင်နွှဲမှုကြောင့် ဖီဖာက ရုရှားအသင်းကို ကမ္ဘာ့ဖလား ခြေစစ်ပွဲကနေ ထုတ်ပယ်ခဲ့ပါတယ်။