close

အင်တာနက်လိုင်းများ ဖြတ်တောက်ပြီးနောက် ကနီတွင် တိုက်ပွဲဖြစ်

စစ်ကိုင်းတိုင်းအတွင်း Mobile အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားပြီးနောက် ကနီမြို့နယ်အ တွင်း မတ် ၄ ရက် မနက်ပိုင်းကစပြီး စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲ ဖြစ်ပွားနေတယ်လို့ စုန်းချောင်းရွာခံတချို့က ပြောပါတယ်။

“မနက်က အောင်ဇေယျစစ်မှု‌ထမ်းဟောင်းမြို့သစ်ကနေ စစ်တပ်က မုံရွာ-ကလေးဝလမ်းအတိုင်း ခြေလျင် စစ်ကြောင်းထိုးလာတာ။ အခု ကနီနယ်ထဲကနေ ပစ်ခတ်သံတွေ ကြားနေရတယ်၊ တိုက်ပွဲ စဖြစ်နေတာပေါ့" ဟု စုန်းချောင်းရွာသား တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်က မုံရွာတဖက်ကမ်းရှိ အောင်ဇေယျစစ်မှုထမ်းဟောင်း မြို့သစ်မှာ စစ်အင်အား ဖြည့်တင်းပြီးနောက် ဒီနေ့မနက် ၈ နာရီကျော်က စတင်ကာ မုံရွာ-ယာကြီး-ကလေးဝလမ်းအတိုင်း စစ်ကြောင်းထိုးလာပြီးနောက် ၁၀ နာရီခွဲလောက်မှာ တိုက်ပွဲစဖြစ်တာလို့ ဆိုပါတယ်။

စစ်ကောင်စီဟာ မုံရွာ၊ ရွှေဘို၊ စစ်ကိုင်း၊ ကလေးမြို့တို့က လွဲပြီး စစ်ကိုင်းတိုင်းထဲက ကျန် မြို့နယ်အားလုံးကို ဒီနေ့ကစတင်ပြီး Mobile အင်တာနက်ဖြတ်တောက်ထားတယ်လို့ သိရပါတယ်။

ဒါကြောင့် စစ်ကောင်စီဘက်က် စစ်ရေးအရှိန်မြှင့်လာနိုင်တာကြောင့် တခြားနည်းလမ်းတွေနဲ့ ဆက်သွယ်ရေးလမ်းကြောင်း ရှာဖွေထားကြဖို့ ဒေသကာကွယ်ရေးတပ်ဖွဲ့များက ဆော်ဩထား ကြပါတယ်။ 

စစ်အာဏာရှင်ဆန့်ကျင်ရေး အားကောင်းတဲ့ စစ်ကိုင်းတိုင်းကို စစ်ကောင်စီက အငြိုးထား တိုက်ခိုက်တာတွေ နေ့စဉ်လိုလို ပြုလုပ်နေပြီး အခုလပိုင်းအတွင်း ပိုမိုပြင်းထန်တဲ့ ထိုးစစ်တွေ ဆင်နွှဲလာနိုင်တယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တွေက ခန့်မှန်းထားကြပါတယ်။

စစ်ကိုင်းတိုင်းအတွင်း တိုက်ပွဲတွေမှာ အထိနာနေတဲ့ စစ်ကောင်စီတပ်တွေဟာ လေကြောင်းပစ်ကူ သုံးတာ၊ အိုးအိမ်တွေကို မီးရှို့ဖျက်ဆီးတာ၊ အရပ်သားပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေ ပြုလုပ်နေတာပါ။ 

စစ်ကိုင်းတိုင်းထဲမှာတော့ ၁ နှစ်တာကာလအတွင်း အပြစ်မဲ့ပြည်သူ ၄၀၀ ကျော်ကို စစ်ကောင်စီက အကြမ်းဖက်သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်တွေရဲ့ မီးရှို့ဖျက်ဆီးတာတွေကြောင့် ရွှေဘို၊ ယင်းမာပင်၊ ပုလဲ၊ အရာတော်၊ ကနီ၊ တန့်ဆည်၊ ခင်ဦးမြို့နယ်များအတွင်းမှ အိမ်ခြေ သောင်းဂဏန်းခန့် ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up