ဘောလခဲတွင် တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီတပ်က ပြည်သူနှစ်ဦးကို မီးရှို့သတ်ဖြတ်

ကရင်နီ (ကယား) ပြည်နယ် ဘောလခဲမြို့နယ်၊ နန်းဖဲကျေးရွာအုပ်စုမှာ မတ်လ ၄ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့နဲ့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)တို့အကြား တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က အရပ်သား နှစ်ဦးကို မီးရှို့သတ်ဖြတ်ခဲ့တယ်လို့ KNDF က သတင်းထုတ်ပြန်ထားပါတယ်။
နန်းဖဲကျေးရွာအုပ်စု သာယာကုန်းနဲ့ ကွက်သစ်ရပ်ကျေးရွာတို့ကို စစ်ကောင်စီက စစ်ကြောင်းထိုး ဝင်ရောက်ပြီးနောက် လူနေအိမ် ၅ လုံးကို မီးရှို့ ဖျက်ဆီးခဲ့သလို ကွက်သစ်ကျေးရွာနေ အရပ်သားနှစ်ဦးကိုလည်း အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့တာလို့ ဆိုပါတယ်။
စစ်ကောင်စီတပ်နဲ့ ကရင်နီပူးပေါင်းတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် အခုလို ဖြစ်စဉ် ဖြစ်ပွားခဲ့တာလို့ KNDF တာဝန်ရှိသူတဦးက ပြာပါတယ်။
“အဓိကက စကစတွေက ရွာထဲဝင်လာပြီးတော့မှ အိမ် ၅ လုံးမီးရှို့သွားတယ်။ အဲဒီထဲမှာမှ ရွာသား ၂ ယောက်ကိုပါ တခါတည်းရောပြီး မီးရှို့လိုက်တာပေါ့နော်။”
ဒီးမော့ဆိုမြို့နယ်၊ ဒေါကမီး နဲ့ ပူးဖားကျေးရွာကိုလည်း စစ်ကောင်စီက စစ်ကြောင်း ၃ ကြောင်း နဲ့ ထိုးစစ်ဆင်လာခဲ့ပြီး ကရင်နီပူးပေါင်းတပ်တွေနဲ့ ၃ ရက်တာ ဆက်လက်တိုက်ပွဲဖြစ်ပွားနေတယ်လို့ ဒီးမော့ဆို PDF က ထုတ်ပြန်ပါတယ်။
တိုက်ပွဲတွင်း စစ်ကောင်စီတပ် ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် ပြည်သူနေအိမ် ၁၅ လုံး လက်နက်ကြီး ထိမှန်ပျက်စီးသလို ၁၇ လုံးထက်မနည်းလည်း မီးလောင်ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။
ဒီတိုက်ပွဲမှာ စစ်ကောင်စီဘက် ၅ ဦးထက်မနည်း သေဆုံးပြီး ကရင်နီပူးပေါင်းတပ်ဘက်က ၁ ဦး ထိခိုက်ဒဏ်ရာရတယလို့ ဆိုပါတယ်။
ဖေဖော်ဝါရီ ၁၆ ရက်နေ့ကနေ မတ်လ ၄ ရက်နေ့အထိ ကရင်နီဒေသတွေမှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး ဒေသခံသောင်းနဲ့ချီ စစ်ရှောင်နေကြရပါတယ်။